Wednesday, February 4, 2015

ပိတ်မိနေသော ကချင်ဒုက္ခသည်များထံ ၈၈ ကျောင်းများ စားနပ်ရိက္ခာသွားရောက် ကူညီမည်


ရှစ်လေးလုံး ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် Ginsi ကျေးရွာအတွင်းရှိ ကချင်စစ်ပြေးဒုက္ခသည်များအတွက် ဆန်အိတ် ၁၀၀၀ နှင့် အခြားစားနပ်ရိက္ခာများ သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း ရှစ်လေးလုံးကျောင်းသားခေါင်းဆောင် ကိုမြအေးက ပြောသည်။

ဆရာတော် ရဝေနွယ်(အင်းမ)နှင့် မြစ်ကြီးနားမြို့ခံများ၏ လှူဒါန်းမှုများကို ရှစ်လေးလုံး ခေါင်းဆောင်များက ဖားကန့်မြို့နယ် Ginsi ကျေးရွာရှိ ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည် ၂၀၀၀ ခန့်ကို မနက်ဖြန် ဖေဖော်ဝါရီလ ၅ ရက်တွင် မြစ်ကြီးနားမြို့မှ ဖားကန့်မြို့သို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

“ဆန်အိတ်တထောင်နဲ့ ဆီတွေပါမယ်။ မနက်ဖြန်မှာ ကုန်တင်ကားကြီးတွေနဲ့ သွားဖို့ ရှိမယ်။ ခုတော့ စီစဉ်နေဆဲပါ” ဟု ကိုမြအေးက ပြောသည်။

ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုပြုံးချို၊ ကိုအောင်လတ်၊ ကိုဥာဏ်လင်း တို့က ဖေဖော်ဝါရီလ ၄ ရက်တွင် မြစ်ကြီးနားမြို့တွင် ရောက်ရှိနေပြီ ဖြစ်ပြီး မနက်ဖြန်တွင် ကိုဂျင်မီ၊ ကိုမင်းကိုနိုင်၊ စမ်းချောင်း ကိုကိုကြီး၊ ကိုကိုလှိုင် တို့နှင့်အတူ သွားရောက် လှူဒါန်းကြမည် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့များနှင့် အစိုးရစစ်တပ်တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ စတင်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှ အောင်ဘာလေ (သန်းဂေါင်) ကျေးရွာသားများ ၂၀၀၀ ခန့် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့သော ရွာသားများကို သွားရောက် လှူဒါန်းမည် ဖြစ်သည်။

အဆိုပါကျေးရွာသားများကို ဖားကန့်မြို့မှ ဘာသာရေး ခေါင်းဆောင်များ၊ ကချင်ငြိမ်းချမ်ရေးအကျိုးဆောင်အဖွဲ့ (PCG) တို့ သွားရောက် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အစိုးရ စစ်တပ်၏ တပ်မ ၆၆ တပ်ရင်းမှူးက ခွင့်ပြုခြင်း မရှိသဖြင့် ခေါ်ယူနိုင်ခြင်း မရှိဘဲ လက်ရှိ အဆိုပါ ကျေးရွာသားများသည် Ginsi ကျေးရွာတွင် ခိုလှုံနေခြင်း ဖြစ်သည်။

အောင်ဘာလေကျေးရွာသားအချို့သည် ဖားကန့်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ၏ နမ့်မကျစ် စစ်ပြေးဒုက္ခသည်စခန်းသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သည်ဟု အောင်ဘာလေကျေးရွာမှ မူကြိုကျောင်းဆရာမ ခေါင်နောက ပြောသည်။

“ကျမတို့ အောင်ဘာလေမှာ နေလို့မရတော့လို့ မနေ့က ဖားကန့်မြို့ဘက် နည်းအမျိုးမျိုးနဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ထွက်ပြေးလာရတယ်။ အခက်အခဲကတော့များတယ်။ အခု ဖားကန့်ဘာသာရေးကနေ ကယ်ဆယ်လို့ မနေ့ကမှ ဖားကန့် နမ်းမကျစ် ဒုက္ခသည်စခန်းမှာ နေနေပါတယ်။ ကံစီး (Ginsi) မှာက ကျောင်းသားတွေ ဒီနှစ်အတွက် စာမေးပွဲဖြေဖို့ ကျန်နေတယ်။ ကိုယ့်နည်းနဲ့ ထွက်ပြေးလာကြတယ်”

ဖေဖော်ဝါရီလ ၂ ရက်က အစိုးရ စစ်တပ်မှ အင်အား ၁၀၀ ကျော်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သဖြင့် KIA ၏ တပ်ရင်း ၆ ၏ ဒန်ညှင်း(Danyin Kung) ရှေ့တန်းစခန်းတခုမှ ဆုတ်ခွာပေးလိုက်ရသည်ဟု သိရသည်။

၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ခိုလုံနေသော နမ့်မကျစ်ဒုက္ခသည်စခန်းတွင် အောင်ဘာလေ ကျေးရွာသားအချို့ ထပ်မံ ရောက်ရှိလာသဖြင့် လက်ရှိ စစ်ပြေးဒုက္ခသည် ၃၀၀ ခန့် ရှိနေပြီ ဖြစ်ကြောင်း သူက ပြောသည်။ Ginsi ကျေးရွာတွင် အောင်ဘာလေမှ ပြောင်းရွှေ့လာသော ကျောင်းသူ ကျောင်းသားများ အပါအဝင် စစ်ပြေးဒုက္ခသည် ၁၀၀ ကျော် ခိုလှုံနေသည်ဟု သိရသည်။


0 comments:

Post a Comment