Friday, February 6, 2015

ကချင်လူ့အခွင့်အရေး ချိုးဖောက်မှု ဖော်ထုတ်နေသူများ အား အစိုးရစစ်တပ် ခြိမ်းခြောက်မှုရှိနေ

ဇန်န၀ါရီ ၂၂ ကချင်လူငယ်များ မြစ်ကြီးနား မြန်မာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှေ့ ဆန္ဒပြ နေပုံ။

မြန်မာသတင်းထောက်များနှင့် လူ့အခွင့်အရေးအတွက် ခုခံကာကွယ်ပြောဆိုနေသူများကို တရားစွဲဆိုခြင်းနှင့် ခြိမ်းခြောက်မှုများ ရပ်တန့်ရန် Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၃ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်က ရှမ်းပြည်နယ် မူဆယ်ခရိုင် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ စေတနာ့ဝန်ထမ်းကျောင်းဆရာမ Maran Lu Ra (မရန်လုရာ) နှင့် Tangbau Hkawn Nan Tsin (တန်ဘောင် ခေါန်နန်စင်) တို့ မတရား အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့ မှုအပေါ် စုံစမ်းဖော်ထုတ်နေသူများကို ခြိမ်းခြောက် နှောက်ယှက်ခံနေရသည်ဟု ဆိုသည်။

“စိုးရိမ်စရာ အလားအလာတွေကို ကျနော်တို့ တွေ့နေရပါတယ်။ အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ကာလ အကြမ်းဖက်မှုတွေဟာ ဆက်ဖြစ်နေပြီးတော့ မြန်မာစစ်ဘက်ဟာ တရားစီရင်ရေး စနစ်ကို၊ ဝေဖန်သူတွေ တိတ်ဆိတ်သွားအောင် လုပ်တဲ့ ကိရိယာတစ်ခုသဖွယ် ပိုအသုံးပြုလာပါတယ်” ဟု Fortify Rights ၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Matthew Smith ကပြောသည်။

၎င်းအမျိုးသမီးများ ဝမ်းနည်းကြေကွဲဖွယ်ရာ သေဆုံးမှုနဲ့ ပတ်သတ်ပြီး စစ်ဘက်ရဲ့ တုံ့ပြန်မှုသည် အခြေခံ လွတ်လပ်ခွင့်များကို ကန့်သတ်ထားရာ ရောက်သည်ဟု Mr. Matthew Smith က ဆိုသည်။

“အာဏာပိုင်တွေဟာ လူတွေရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးရမှာပါ။ ကြောက်ရွံ့မှုတွေ တိုးလာအောင်၊ အပြစ်ကျူးလွန်သူတွေ ပြစ်ဒဏ်မခံရတဲ့ အလေ့အထ ထွန်းကားလာအောင် လုပ်ရမှာ မဟုတ်ပါဘူး”

မြန်မာနိုင်ငံအတွင်း ပဋိပက္ခ ဖြစ်ပွားသည့် ဒေသများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကျူးလွန်သူများကို ဖော်ထုတ်အရေးယူမည့်အစား အမှု ဖော်ထုတ်သူများကို ခြိမ်းခြောက်ခံနေရသည့်အတွက် စိုးရိမ်ဖွယ် အခြေအနေဖြစ်လာသည့်အကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများအတွင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်၍ ရာဇဝတ်မှုများ ကျူးလွန်ကြသည်ဟု စွပ်စွဲခံထားရသော အဖွဲ့များအားလုံး၏ ကျူးလွန်မှုများနှင့် ပတ်သက်၍၊ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်ရန်လည်း Fortify Rights အဖွဲ့ က တောင်းဆိုထားသည်။

ကောင်းခါးကျေးရွာသားများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများကမူ အစိုးရ၏ ခမရ တပ်ရင်း ၅၀၃ တပ်ဖွဲ့များက အဓမ္မပြုကျင့်၍ သတ်ဖြတ်ခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။

ဇန်နဝါရီလ ၂၈ ရက်က အစိုးရ သတင်းစာတွင် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် တပ်မတော်အပေါ် ပုတ်ခတ်စွပ်စွဲပြောဆိုမှုများ ပြုလုပ်လာကြောင်း တွေ့ရှိရသဖြင့် အမှုမှန်ပေါ်ပေါက်ချိန်တွင် တပ်မတော်အား မဟုတ်မမှန် ရေးသားပြောဆိုမှုများနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ပြင် ကချင်ပြည်နယ် ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်အုပ်စု (၁) ဆွတ်ငိုင်ယန်ကျေးရွာမှ ကိုးတန်းကျောင်းသူ အသက် ၁၄ နှစ်အရွယ် Shy. Ja Seng Ing (မဂျာဆိုင်းအိန်) သေဆုံးမှုကို တိုင်ကြားခဲ့သည့် ဖခင် Slg. Brang Shawng (ဦးဘရန်ရှောင်) အား စစ်တပ်က တရားစွဲဆိုမှုသည် အစိုးရတွင် တာဝန်ရှိသည်ဟု Fortify Rights ထည့်သွင်းပြောဆိုထားသည်။ အသက် ၄၉ နှစ်အရွယ် Slg. Brang Shawng (ဦးဘရန်ရှောင်) အား စစ်တပ်က တရားစွဲဆိုမှုကို ရုပ်သိမ်းပေးရန် Fortify Rights က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်က တောင်းဆိုခဲ့သေး သည်။


0 comments:

Post a Comment