Wednesday, September 21, 2011

KIO လိုင်ဇာသို့ ဒုက္ခသည်များ ရောက်ရှိလာနေ ဆဲ

KIO ဂျေယန်ခ စခန်းသစ်တွင် ရောက်ရှိနေသော စစ်ပြေးဒုက္ခသည် မိသားစု တစ်စု
 ကချင်ပြည်နယ် တရုတ်နယ်စပ်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာနယ်မြေ လိုင်ဇာမြို့တွင် စစ်ပြေးဒုက္ခသည်များ နေ့တိုင်း လိုလို ထပ်မံ ရောက်ရှိနေသည်ဟု ဒုက္ခသည် ကူညီရေးအဖွဲ့များ ပြောသည်။
KIO လိုင်ဇာမြို့ရှိ ဒုက္ခသည်စခန်းများတွင် နေရာ မလုံလောက်သဖြင့် ထပ်မံရောက်ရှိလာသော ဒုက္ခသည်သစ်များ ကို ဂျေယန်ခ (Jeyang Hka) ဒုက္ခသည်စခန်းသစ်သို့ နေရချပေးနေကြောင်း KIO အရာရှိများပြောသည်။

ဂျေယန်ခ ဒုက္ခသည်စခန်းတွေလည်း နေစရာ နေရာမလုံလောက်သဖြင့် စခန်းများ ထပ်မံ ဆောက်လုပ်နေကြောင်းနှင့် စခန်းများဆောက်လုပ်ပြီးစီးပါက လိုင်ဇာရှိ ဒုက္ခသည်များ အားလုံးကို ထပ်မံပြောင်းရွှေ့မည်ဖြစ်သည်ဟု KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ ကပြောပါသည်။

အခုချိန်ထိ ဒုက္ခသည်များမှာ လိုင်ဇာ စခန်းတွင် ၄၈၀၀ ကျော်၊ ဂျေယန်ခ စခန်းတွင် ၃၆၀၀ ကျော်၊ ဖုန်လုံယန် စခန်းတွင် ၇၀၀ ကျော် ရှိသည်ဟု ဆလန်ကဘာ က ဆက်ပြောသည်။

ထိုနည်းတူ မြန်မာအစိုးရထိန်းချုပ်သည့် ၀ိုင်းမော်၊ မြစ်ကြီးနား၊ အင်မောက် (မိုးမောက်)၊ မန်မော် (ဗန်းမော်) ဘက်တွင်ရှိသော ဒုက္ခသည်များကို Metta Development Foundation (MDF) အဖွဲ့နှင့် အခြား အစိုးရမဟုတ်သောဒေသဆိုင်ရာအဖွဲ့အစည်းများအပြင် ကချင်ခရစ်ယာန်အသင်းတော်များမှ ကူညီနေကြောင်း သိရသည်။

ထို မြို့ (၄) မြို့တွင် ခိုလုံနေသော စစ်ပြေးဒုက္ခသည် ယခုချိန်ထိ စုစုပေါင်း ၁၀၀၀၀ နီးပါးရှိသည်ဟု MDF မှ ကယ်ဆယ်ရေးဝန်ထမ်းများ ဆိုပါသည်။

ကချင်ပြည်နယ် မြောက်ပိုင်း အင်ဂျန်းယန်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ် (၃) ခု တွင်လည်း စာရင်းထည့်သွင်း မရှိသည့် စစ်ပြေး ၁၀၀၀၀ ခန့် ရှိသည်ဟု KIO အရာရှိများ ဆိုပါသည်။

စက်တင်ဘာ (၂၁) ရက်ထိ နောက်ဆုံးကောက်ယူထားသော စာရင်းအရ KIO ထိန်းချုပ်နယ်မြေတွင် စစ်ပြေးဒုက္ခသည် စုစုပေါင်း ၂၁၃၆၁ ဦး ရောက်ရှိနေသည်ဟု ဆလန်ကဘား ဒွဲပီဆာ ကပြောသည်။

ကချင် ဒုက္ခသည်များသည် မြန်မာစစ်အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ နေ့စဉ်လိုလိုဖြစ်နေခြင်းကြောင့် ကိုယ့်ဒေသ၊ လယ်ယာ၊ အိမ်ခြံမြေ များကိုစွန့်ပြီး လုံခြုံရာ KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ ထွက်ပြေးခြင်းဖြစ်သည်။

0 comments:

Post a Comment