Tuesday, September 20, 2011

မုန်းကို တွင် မြန်မာစစ်သား ၇ ဦးကျ၊ ၂ ဦး ဒဏ်ရာ ရ

 စက်တင်ဘာလ ၁၈၊ တနင်္ဂနွေနေ့ နေ့လည် ၁ နာရီကျော်တွင် ရှမ်းပြည်မြောက်ပိုင်း မုန်းကို အနီး မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ကြား ပစ်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အစိုးရစစ်သား (၇) ဦး ကျဆုံးပြီး (၂) ဦး ဒဏ်ရာရရှိကြောင်း KIA ကဆိုသည်။


မုန်းကိုမှ တောင်ဘက် (၇) မိုင်အကွာ မန်တပ်-ပန်ဟုတ် ကြားတွင် လွယ်ကန်ဌာနချုပ် KIA တပ်မဟာ (၄) အောက် သီးသန့် မုန်းကို KIA တပ်ဖွဲ့နှင့် မုန်စီး နယ်မြေခံ တပ်ရင်း ခလရ (၂၉၀) ကြား ဖြစ်ပွားခဲ့သည်ဟု မုန်းကိုမှ KIA အရာရှိများ ပြောသည်။

မိနစ် ၂၀ကြာတိုက်ခိုက်မှုတွင် မြန်မာစစ်တပ်ဘက်မှ သေဆုံးဒဏ်ရာရမှုရှိသော်လည်း KIA ဘက်မှ ထိခိုက်မှု မရှိကြောင်း KIA အရာရှိများ ထပ်ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီ အစိုးရစစ်ကြောင်းသစ်များ ပစ်ခတ်မှုဖြစ်ပွားရာနေရာအနီးသို့ ရောက်ရှိလာသည်ကိုမြင်ရကြောင်း မျက်မြင်သက်သေများ ပြောသည်။

ယခင်က ဗမာပြည်ကွန်မြူနစ်ပါတီ ၏ ဗဟိုဌာနချုပ်ဖြစ်သော မုန်းကို သည် ဒူဝါ မုန်ဆာလ ဦးဆောင်သည့် “မုန်းကိုကာကွယ်တပ်ဖွဲ့ (Mongkoe Defense Army)” ၏ ဌာနချုပ်လည်း ဖြစ်ခဲ့သည်။

ယခုတဖန် ဒူဇောင်း ဦးဆောင်သည့် သီးသန့် KIA တပ်ဖွဲ့သည် မုန်းကို ဒေသတွင် အခြေစိုက်ပြီး ၎င်းအောက် တပ်ရင်း ၃၆ နှင့် ၃၈ တို့ ပါဝင်ဖွဲ့စည်းထားသည်။

0 comments:

Post a Comment