Monday, September 22, 2014

ယုဇနကုမ္ပဏီ ရွှေ့ပြောင်းကျေးရွာ ရွာသူကြီး အား အထက်အမိန့်ဖြင့် ရုတ်တရက် တာဝန်မှရပ်နားခိုင်း

 ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၊ ရှထူးဇွပ်၊ ဖားကန့်မြို့နယ်

ကချင်ပြည်နယ် တနိုင်းမြို့နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ယုဇနကုမ္ပဏီကြောင့် ရွှေ့ပြောင်းခံရသော ပြန်လည်နေရာချထားရေးနယ်မြေ စံပြကျေးရွာမှ ရွာသူကြီး ဦးအားဖူဒွေ့ အား ရုတ်တရက် ဖားကန့်မြိုနယ် ဒုအုပ်ချုပ်ရေးမှူး က အထက်အမိန့်ဖြင့် ရွာလူကြီးတာဝန်မှ  ရပ်နားရန်ပြောဆိုလာကြောင်း သိရသည်။

ဒုအုပ်ချုပ်ရေးမှူးဦးကျော်မြင့်သည် ဦးအားဖူဒွေ့အား စက်တင်ဘာလ ၁၆ ရက်နေ့က ရှထူးဇွပ်ရွာ (Shahtu Zup) ရုံး သို့ နံနက် ၈ နာရီတွင် သီးခြားခေါ်တွေ့ကာ စံပြရွာသူကြီးအဖြစ်မှ ရပ်နားလိုက်ပြီဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်ရာ မည်သည့် အကြောင်းကြောင့် ထိုသို့ ရပ်နားခိုင်းသည်ကို နားမလည်ခဲ့ကြောင်း ရွာသူကြီး ဦးအားဖူဒွေ့က ပြောသည်။

“ကချင်ပြည်နယ် ဝန်ကြီးချုပ်အမိန့်နဲ့ ရွာသူကြီးတာဝန်ကနေ ရပ်နားခိုင်းလိုက်ပြီ ဒီကနေ့ရပ်မိရပ်ဘတွေလည်း အကုန်လုံးစုံတယ် အဲဒါကြောင့် ဒီမှာပဲရွာသူကြီးရွေးမယ် ဆိုပြီးပြောလာတယ်။ ခင်ဗျားလည်း ယှဉ်ပြိုင်ခွင့်တော့ ရတယ် လို့ပြောတယ်။ ဘာအပြစ်ရှိလို့ဖြုတ်တာလဲ အထောက်အထားဘာတခုရှိတာလဲ ရပ်ရွာကနေ တိုင်ကြား ခြင်းလည်း မရှိဘူး ကျနော်ကိုအကြောင်းကြားတာလဲမရှိဘူး” ဟု ပြောသည်။

ရှထူးဇွပ်ရွာ (Shahtu Zup) ရုံး သို့ စံပြကျေးရွာ ရွာသူကြီး ဦးအားဖူးဒွေ့နှင့် ရွာသား ၄ ယောက် သွားခဲ့ခြင်း ဖြစ်ပြီး ဒီမိုကရေစီ သွားနေချိန် ယခုကဲ့သို့ဖြုတ်ခံရခြင်းသည် ဗဟိုချုပ်ကိုင်မှု စနစ်တခုဟု မြင်ကြောင်း ပြောဆိုခဲ့သည်။

မြို့နယ်မှ ချက်ခြင်းလူရွေးရန် အမိန့်ကျလာခြင်းကြောင့် စက်တင်ဘာ ၁၈ ရက်နေ့တွင် ပြန်လည်အရွေးခံမည်ဖြစ်သော်လည်း ဝါရာဇွပ်ကျေးရွာမှ အုပ်ချုပ်ရေးမှုး ဦးနော်လာနှင့်စာရင်းကိုင် ဦးညီညီအောင် တို့ရောက်ရှိလာကာ စံပြကျေးရွာ ရွာသူကြီးအဖြစ် ပြန်လည်ပါဝင်ယှဉ်ပြိုင်ခွင့်ရှိမည် မဟုတ်ကြောင်း ပြောဆိုလာသည် ဟု ဦးအားဖူဒွေ့ကဆက်ဆိုသည်။

“ရွာသူ ရွာသားတွေယှဉ်ပြိုင်ခွင့် မပေးရင် ကျနော်မပြိုင်ဘူးလို့ပြောချိန်မှာ ရွာသူရွာသားတွေက ဦးအားဖူဒွေ့ မပါရင် ကျနော်တို့က ဒီလူရွေးပွဲက မလိုလားဘူးဆိုပြီး ပဋိပက္ခဖြစ်ခါနီးဖြစ်ပြီးတော့ ရွာသူရွာသားတွေက အုပ်ချုပ်ရေး မှူးအဟောင်းကိုပဲ ကြိုက်တယ်ဆိုပြီး အားကုန်လုံးက လက်မှတ်ထိုးပြီးတော့ အားလုံး ပြန်သွား ကြတယ်”

စံပြကျေးရွာတွင် ယူဇနကုမ္ပဏီမှ ပညာရေးကျောင်းဆောက်ပေးထားသော်လည်း ဆရာ/မ နေအိမ်မရှိခြင်းကြောင့် ကျောင်းကော်မတီနှင့်  ရွာသူရွာသားများအားလုံးသဘောတူ လက်မှတ်ရေးထိုးပြီး မြေကွက်ရောင်းခြင်းဖြင့် ရန်ပုံငွေရှာကာ ယခုလက်ရှိ ကျောင်းဆောင် ၂ ဆောင် ထပ်မံ ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ရပ်ရွာဖွံ့ဖြိုးရေအတွက်လုပ်ဆောင်နေသူလည်းဖြစ်ကာ ၄င်း၏သက်တမ်းလည်း မပြည့်သေးသောကြောင့် စံပြကျေးရွာ ရွာသူကြီးအား ဆက်လက်လိုလားကြောင်း အဖြုတ်မခံကြောင်းစံပြရွာသားတဦး ကချင်သတင်းဌာန သို့ပြောသည်။

“ရွာလူကြီးလုပ်တာတွေ မှန်တဲ့လုပ်ရပ်တွေပါ ကျေးရွာအတွက် ဖွံ့ဖြိုးမှုကိုလုပ်တာပါ သူ့အတွက် ကိုယ်ရေးကိုယ်တာတခုမှမပါ ပါဘူး ကျေးရွာအတွက် ဖွံ့ဖြိုးမှုကို ဦးစားပေးလုပ်တာဖြစ်ပါတယ် သူတို့သဘောနဲ့ သူတို့ဖြုတ်တာ ကျနော်တို့လည်း လုံးဝအဖြုတ်မခံဘူး ရွာသူကြီးလုပ်တာက ၅  နှစ်မှ သက်တမ်းကုန်တာ အခုက ၂ နှစ်ပဲ လုပ်သေးတာ။ ပုဂ္ဂိုလ်ရေးအရ မုန်းတဲ့လူမှုရေးအတိုင်းအတာနဲ့ မုန်းတဲ့ ပုဒ်မနဲ့ ဖြုတ်မှာ ကျနော်တို့ကျေးရွာက လုံးဝလက်မခံနိုင်ဘူး” စံပြရွာသားတဦး ကချင်သတင်းဌာန သို့ ပြောသည်။

ထိုသို့ဖြင့် စံပြရွာသူကြီးဦးအားဖူဒွေ့သည် တာဝန်မှ တရားဝင်ရပ်နားခြင်းမရှိသော်လည်း ယခုချိန် ဖားကန့် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ထပ်မံခေါ်ယူခြင်းကြောင့် စံပြရွာသူကြီးနှင့် ရွာသား ၂ ဦးတို့စက်တင်ဘာ ၂၁ ရက်နေ့မှ ဖားကန့်သို့ရောက်ရှိနေကြောင်း သိရှိရသည်။

ယုဇနကုမ္မဏီကြောင့် ရွှေ့ပြောင်းခံရသောရွာသူရွာသားများ ၁၀၀၀ ကျော်ရှိပြီး  ၂၀၀၉ -၂၀၁၀ ခုနှစ်မှ ပြန်လည် နေရာချထားရေးနေရာတွင် စံပြကျေးရွာအဖြစ် နေထိုင်ကာ ရွာသူကြီး ဦးအားဖူဒွေ့ကို၂၀၁၃  ခုနှစ်မှ ရွာသူကြီးအဖြစ် ခန့်အပ်ထားခြင်းလည်းဖြစ်ကြောင်း ရွာသားများမှသိရသည်။


0 comments:

Post a Comment