Tuesday, September 23, 2014

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအတွက် NCCT နှင့် အစိုးရ ဆွေးနွေးမှု ပြေလည်မှု မရသေး

 NCCT နဲ့ UPWC အစည်းအဝေး၊ ရန်ကုန်

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းအတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆဋ္ဌမ အကြိမ်မြောက် ဆွေးနွေးမှု ဒုတိယနေ့အထိ ပြေလည်မှု မရနိုင်သေးကြောင်း NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

နှစ်ဖက် ဆွေးနွေးမှုကို မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) တွင် စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ကျင်းပနေခြင်း ဖြစ်ပြီး စက်တင်ဘာလ ၂၃ ရက် ဒုတိယ မြောက်နေ့ ဆွေးနွေးမှုကို ပုံမှန်အားဖြင့် ညနေ ၅ နာရီတွင် ပြီးစီးရန် သတ်မှတ်ထားသော်လည်း တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွင် ညှိနှိုင်း၍ မရသဖြင့် ညနေ ၃ နာရီကျော်တွင် အစည်းအဝေးကို အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ဆွေးနွေးတာက တချို့အချက်မှာကျတော့ ကျနော်တို့က နောက်မှ ပြန်ဆွေးနွေးမယ်ဆိုတဲ့ တဖက်ကနေပြီး အထက်ကို သက်ဆိုင်ရာခေါင်းဆောင်တွေကို ပြန်တင်ပြမဲ့ အချက်တော့ ရှိတယ်။ သဘောမတူဘူးဆိုတာထက် ညှိနှိုင်းလို့ မပြီးတဲ့အချက်တွေ ရှိနေတာပေါ့နော်” ဟု ပဒိုကွယ်ထူးဝင်း က ပြောသည်။

“မပြေလည်တာတော့ မဟုတ်ဘူး။ သဘောတူညီမှု မရတဲ့အပေါ်မှာ တဖက်ကနေပြီးတော့ ကျနော်တို့ တပ်နေရာ ချထားရေးကိစ္စတို့၊ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာကိစ္စတွေကို ကျနော်တို့အလုပ်အဖွဲ့ကို ထပ်မံဆွေးနွေးဖို့ သဘောတူညီထားတယ်” ဟု ပဒိုကွယ်ထူးဝင်း က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ပဉ္စမအကြိမ် ဆွေးနွေးမှုတွင် ယခုဆွေးနွေးမှု မတိုင်မီ တပ်နေရာချထားရေးကိစ္စ၊ အပစ်အခတ် ရပ်စဲရေး စည်းမျဉ်းစည်းကမ်း (code of conduct)၊ နှစ်ဖက် ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Joint monitoring committee) ဖွဲ့စည်းရေး အလုပ်အဖွဲ့ ဖွဲ့စည်း၍ ညှိနှိုင်းဆွေးနွေးရန် သဘောတူခဲ့သည်။ သို့သော် ဆွေးနွေးညှိနှိုင်းမှု မရခဲ့သဖြင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထပ်မံ ဆုံးဖြတ်ခဲ့သည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

“ကျနော်တို့ ဒီတခေါက်ပြန်မတွေ့ခင်မှာ အလုပ်အဖွဲ့တွေ ဖွဲ့ပြီး ညှိနှိုင်းပြီးတော့ ရေးဆွဲသွားဖို့ သဘောတူညီထားတယ်။ ဒါပေမဲ့ ဒီကြားကာလမှာ မဆွေးနွေးဖြစ်ဘူး။ ဒီနေ့ ဆွေးနွေးပွဲမှာ ထပ်မံအတည်ပြုပြီးတော့ ကျနော်တို့ ဒီအစည်း အဝေးပြီးလို့ ရှိရင် ရက်သတ်မှတ်ပြီးတော့ အလုပ်အဖွဲ့တွေ ပြန်လည် ဆွေးနွေးဖို့ ဆုံးဖြတ်ထားတယ်” ဟု သူက ဆက်ပြောသည်။

နှစ်ရက်ကြာဆွေးနွေးမှုတွင် အပစ်ရပ်မူကြမ်း အခန်း ၁ မှ အခန်း ၄ ထိ ဆွေးနွေးခဲ့ပြီးဖြစ်သည်။ အခန်း ၅ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အာမခံချက် ရရှိရေးဟူသော ခေါင်းစဉ်ကို ယနေ့ စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း၊ အခန်း ၆ နှင့် အခန်း ၇ ကို ဆက်လက် ဆွေးနွေးရန် ကျန်နေသေးသည်ဟု ပဒိုကွယ်ထူးဝင်းက ပြောသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ဆွေးနွေးပွဲ ပထမနေ့တွင် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပတ်သက်၍ တပ်မတော်ဘက်မှ တင်းမာမှုများ ရှိနေပြီး ဒုတိယနေ့ ဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးမှုတွင်လည်း ပြေလည်မှု မရသေးဘဲ ဆွေးနွေးမှုကို စော၍ ရပ်ဆိုင်းခဲ့သည်ဟု သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းတွင် နှစ်ဖက် ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိနေသော အချက်များမှာ ကြားကာလ တပ်နေရာ ချထားရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အစုအဖွဲ့များ၊ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည့်သူများ သတ်မှတ်ရေးတို့ ဖြစ်သည်။

ထို့ပြင် ပဉ္စမကြိမ်မြောက် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ လက်ခံခဲ့သော ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေး ဟူသော စကားလုံးများ ဆွေးနွေးမှုတွင် တပ်မတော်ဘက် တင်းမာမှုများ ရှိနေသဖြင့် ဆက်လက် ညှိနှိုင်းရန် လိုအပ်နေခြင်း ဖြစ်သည်။

ပထမနေ့ ဆွေးနွေးပွဲတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ချမှတ်ထားသော ထာဝရ ငြိမ်းချမ်းရေးရယူရန် သဘောတူ စာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေး သဘောတူညီချက်အပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသော တည်ဆဲ ဥပဒေများကို တိတိ ကျကျ လိုက်နာရန်၊ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရများကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပေဒဖြင့် ဒီမိုကရေစီကို လျှောက်လှမ်းရာတွင် လိုက်ပါရမည်ဟူသည့် အချက်များအား ပြင်ဆင်သွားမည် မဟုတ်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ထပ်မံ ပြောဆိုခဲ့သည်။

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ရေး ဆွေးနွေးမှုကို လာမည့် စက်တင်ဘာလ ၂၆ ရက်နေ့ ပြုလုပ်ကြမည် ဖြစ်သည်။


0 comments:

Post a Comment