Saturday, September 6, 2014

အစိုးရနှင့် KIO နှစ်ဖက် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် တိုက်ပွဲ လျှော့နည်း လာ ဟု ဆို

 ဖားကန့် ကျောက်စိမ်းမှော်တွင် ချထားတဲ့ အစိုးရ တပ်မ ၆၆ မှ စစ်သား သုံးဦး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)နှင့် အစိုးရတို့ နှစ်ဖက်သဘောတူညီဖွဲ့စည်းထားသော ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့တို့ ဖွဲ့စည်းပြီးနောက် နှစ်ဖက်တိုက်ပွဲ လျှော့ကျရေးဆွေးနွေးခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားမှု  ၉၅ ရာခိုင်နှုန်း လျှော့နည်းခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

၎င်းတို့၏ တစ်လတကြိမ် ကျင်းပသော ပုံမှန်စည်းဝေးကို ကေအိုင်အို နည်းပညာအထောက် အကူပြုအဖွဲ့ (Technical Team) ရုံးခန်းတွင် ယမန်နေ့ စက်တင်ဘာလ ၅ ရက် မွန်လွဲပိုင်း ၃ နာရီမှာ ၅ နာရီကျော်ထိ ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းတွေ့ဆုံဆွေးနွေးမှုတွင် စစ်ပွဲလျှော့ချရေး အပါအဝင် မူးယစ်ဆေးဝါး ပပျောက်ရေးများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးသွားနေတဲ့အပေါ်မှာ ရှေ့တန်းမှာ တိုက်ပွဲတွေ မရှိအောင် နှစ်ဖက် ဆွေးနွေးညှိနှိုင်းတယ်၊ တိုက်ပွဲတွေ တော်တော်လည်း လျှော့နည်းသွားတာ တွေ့ရတယ်။ ဒါကြောင့် ရှေ့ဆက် တိုက်ပွဲတွေ မဖြစ်ပွားအောင် ဘယ်လို ဝိုင်းဝန်းထိန်းသိမ်းသွားကြမယ်ဆိုတဲ့အချက်တွေ ဆွေးနွေးသွားတာ ဖြစ်ပါတယ်”ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာချုပ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော ကိုယ်စားလှယ် ၅ ဦးနှင့် KIO ဘက်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သော ကိုယ်စားလှယ် ၅ ဦးတို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း အစိုးရနှင့် ကေအိုင်အိုအကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိသလောက် လျော့နည်းခဲ့သဖြင့် ၉၅ ရာခိုင်နှုန်းခန့် တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျသွားသည်ဟု သူက ဆိုသည်။

KIO ဦးဆောင်မှုဖြင့် မူးယစ်ဆေးဝါး ပပျောက်ရေး လှုပ်ရှားမှုတွင် ပြည်သူလူထု ပါဝင်လာမှုသဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု သူက ပြောသည်။

“နိုင်ငံတော် အစိုးရရဲ့ တစ်နိုင်ငံလုံး မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်နေတဲ့အပေါ်မှာ ကေအိုင်အိုကနေလည်း အမျိုးသား တာဝန် တရပ်အနေနဲ့ မူးယစ်ဆေးဝါးပပျောက်ဖို့ လုပ်နေတယ်။ အခုက ပြည်သူလူထုလည်း ပါဝင်လာတယ်။ ဒါက သူတို့အနေနဲ့ အားရကျေနပ်မှုရှိပါတယ်။ အဲဒီလိုလုပ်တဲ့အပေါ်မှာ ဥပဒေနဲ့မညီတာ မဖြစ် ပွားအောင် တာဝန်ရှိ အစိုးရနဲ့ ပူးပေါင်းပြီးတော့ နားလည်မှုနဲ့ မူးယစ်ဆေးဝါးပပျောက်အောင်လုပ်မယ်ဆိုတာ တွေ ဆွေးနွေးတယ်” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ထို့ပြင် ယခုလဆန်းပိုင်းမှစတင်၍ မြန်မာအစိုးရက ဖားကန့်ကျောက်စိမ်းမှော် ပြန်လည် ဖွင့်လှစ်မှုကို ကေအိုင်အိုဘက်မှ တားဆီး ပိတ်ပြင်မှုများ ရှိသည်ဟု ဟူသော ကောလာဟာလ သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ကေအိုင်အို အနေဖြင့် ပိတ်ပင်တားဆီးမှု မရှိကြောင်း ဟူသောအချက်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သူက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ UPWC တို့ တွေ့ဆုံ ဆွေးနွေးမှု သဘောတူညီချက်အရ ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေး ယန္တာရား ပထမ အဆင့်ကို အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်က ကေအိုင်အိုနှင့် အစိုးရ ၅ ဦးစီ ပါဝင်သော ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော ကိုယ်စားလှယ် ငါးဦးနှင့် ကေအိုင်အို ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သော ကိုယ်စားလှယ် ငါးဦး ပါဝင်သည်။


0 comments:

Post a Comment