Thursday, September 25, 2014

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး မူကြမ်းဆွေးနွေးမှု အစိုးရ နှင့် NCCT ညှိနှိုင်း၍ မပြေလည်သေး

မေ ၁၂၊ ၂၀၁၄ NCCT ခေါင်းဆောင်များ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် လူထုနိုင်ငံရေး ရှင်းလင်းပွဲ ကျင်းပနေပုံ။

ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ စတုတ္ထနေ့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်းသဘောတူညီမှု မရသေးသဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ရန် မဖြစ်နိုင်သေးကြောင်း NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

ယနေ့ထိ လေးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း NCCT နှင့် UPWC တို့အကြား တပ်ပိုင်းဆိုင်ရာကိစ္စ၊ ဖွဲ့စည်းပုံ၊ ကြားကာလနှင့် နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ရမည့် စုဖွဲ့မှုတို့ကိုဆက်လက် ဆွေးနွေးရန် လိုအပ်နေသေးကြောင်း သူက ပြောသည်။

“ဒီတစ်ခေါက်အပြီးသတ် ညှိနှိုင်းဖို့တော့ မပြီးသေးဘူး။ နောက်တကြိမ်လောက်မှ ဖြစ်မယ်။ လက်မှတ် မထိုးနိုင်တာက သိတဲ့အတိုင်း ကျနော်တို့ကလည်း ကိုယ့်ရပ်တည်ချက်၊ အပစ်အခတ်ရပ်စဲရေးမှာ ခိုင်မာမှု ရရှိဖို့အတွက် ကျနော်တို့ ဆွေးနွေးမှု လိုအပ်တဲ့အပေါ်မှာ ပြန်ညှိမဲ့သဘောပါ” ဟု ပဒိုကွယ်ထူးဝင်း က ပြောသည်။

ယနေ့ စတုတ္ထမြောက်နေ့တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မူကြမ်း အခန်း ၆ နှင့် အခန်း ၇ ကို ဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း သဘောတူညီမှုမရသေးဘဲ ဆက်လက် ညှိနှိုင်းရန်သဘောတူညီခဲ့သည်ဟု ဆိုသည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆိုင်းရေး သဘောတူညီမှု ရရှိရန်အတွက် တပ်ပိုင်းဆိုင်ရာများနှင့် စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်ရမည့် အစုအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးရာတွင် အသိသက်သေအဖြစ် ပါဝင်ရမည့် အချက်များ ဆွေးနွေးရန် လိုအပ်နေခြင်း ဖြစ်သည်။

ထို့ပြင် တိုင်းရင်းသားများ တင်ပြသော ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို အစိုးရဘက်မှ သဘောမတူခဲ့သလို၊ အစိုးရဘက်မှ တင်ပြလာသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွင် ၇ ပွင့် ပါဝင်ရန် တင်ပြမှုကိုလည်း တိုင်းရင်းသားများ ဘက်မှ သဘောမတူဘဲ ဆက်လက် ညှိနှိုင်းရန် လိုအပ်နေခြင်း ဖြစ်သည်။

ဆဉ္စမမြောက် တွေ့ဆုံဆွေးနွေးပွဲအတွင်း တိုင်းရင်းသားများဘက်မှ တင်ပြသော ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေးကို ဆက်လက် ညှိနှိုင်းရန်နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အခြေခံနိုင်ငံရေး ပြဿနာ ဆွေးနွေးရန် ဟူသော သဘောတူညီမှုသာ ရရှိခဲ့သဖြင့် ဆက်လက် ညှိနှိုင်းရန် လိုအပ်နေသည် ဟု ပဒိုကွယ်ထူးဝင်း က ဆက်ပြောသည်။

“အစိုးရ တင်ပြတာက ဒို့တာဝန်အရေးသုံးပါးက လွဲပြီး ကျန်တဲ့အချက်တွေကို အကုန်လုံး ဆွေးနွေးလို့ ရတယ်။ ကျနော်ဘက်မှာက ဒို့တာဝန် အရေးသုံးပါးကို ဆွေးနွေးမယ်။  ဆွေးနွေးမယ်ဆိုတာက တိုင်းရင်းသား မပြိုကွဲရေး လုပ်မယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး လုပ်ဆောင်တယ်ဆိုတာ ဆွေးနွေးမယ်။ အချုပ်အချာ အာဏာ ခိုင်မြဲရေးဆွေးနွေးရမယ်” ဟု သူက ပြောသည်။

UWPC နှင့် NCCT တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အခန်း ခုနှစ်ခန်းပါရှိသော အချက် ၁၀၄ ချက်မှ အချက် ငါးချက်သာ ဆွေးနွေးရန် ကျန်ရှိတော့သည်ဟု သိရသည်။

မနက်ဖြန် စက်တင်ဘာလ ၂၆ ရက်နေ့တွင် လေးရက်ကြာ ဆွေးနွေးခဲ့သည့် အချက်များကို ပြန်လည် သုံးသပ်၍အတည်ပြုကြမည် ဖြစ်ကြောင်း ပဒိုကွယ်ထူးဝင်း က ပြောဆိုသည်။

ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော UWPC နှင့် နိုင်ဟံသာ ဦးဆောင်သော NCCT တို့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) တွင် စက်တင်ဘာလ၂၂ ရက်နေ့က စတင် တွေ့ဆုံဆွေးနွေးခဲ့သည်။


0 comments:

Post a Comment