Saturday, March 8, 2014

ကချင်ပြည်နယ်တွင် လူမျိုးခွဲ၍ ကောက်ခံမည့်သန်းခေါင်စာရင်းကိစ္စ ငြိမ်းချမ်းရေးထိခိုက်


ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား တနေရာမှာ မြင်ရတဲ့ KBC ပိုစတာ။

အစိုးရ၏ ပြည်လုံးကျွတ်အဆင့် သန်းခေါင်စာရင်းကောက်ခံမည့်ကိစ္စ ကချင်ပြည်နယ်အတွက် သတ်မှတ်ထားသော အကြောင်းအရာများသည် ပိုမိုရှုပ်ထွေးလာစေနိုင်ပြီး ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ထိခိုက်နိုင်ကြောင်း ကချင်လူထုခေါင်းဆောင်များ သုံးသပ်ပြောဆိုသည်။

ကချင်ပြည်နယ်တွင် ကချင်လူမျိုးဟုခေါ်သော ဂျိန်းဖော့၊ မရူ (လော်ဝေါ်)၊ လရှီ (လချိတ်)၊ ရ၀မ်၊ လီဆူး၊ ဇိုင်ဝါး (အဇီး) ကချင်မျိုးနွယ်စု ၆ မျိုးရှိရာ ယခုအခါ အစိုးရမှ ကောက်ခံမည့် မှတ်တမ်းတွင် ဘာသာစကားကွဲပြားမှုအရ မျိုးနွယ်စု ၁၂ မျိုး ထပ်မံခွဲလိုက်ခြင်းဖြစ်သည်။

ထိုသို့ ခွဲလိုက်ခြင်းကြောင့် ကချင်ဟု ကမ္ဘာကသိထားသော လူမျိုးကြား ရှုပ်ထွေးမှုနှင့်အငြင်းပွားစရာဖြစ်စေသည်ဟု ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC အတွင်းရေးမှူး သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန် ကပြောသည်။

“ဒီသန်းခေါင်စာရင်းနဲ့ပတ်သက်ပြီးမှ ကျွန်တော် တိုင်းရင်းသားအနေနဲ့ ရှင်းလင်းမှုထက် ရှုပ်ထွေးမှုကပိုများတယ်လို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆွဲထားတဲ့လူမျိုးတွေမှာ မရှိတဲ့လူမျိုးတွေပဲအများကြီးပါနေတယ်။ ပြောတဲ့စကားကိုယူပြီးမှ လူမျိုးစုတမျိုးအနေနဲ့ ထည့်ထားတာကိုတွေ့ရတယ်။ ဥပမာ ကျွန်တော်တို့ ကချင်မှာ ခခူးလူမျိုးဆိုတာမရှိဘူး ခခူးစကားပဲရှိတယ် ဒေသပဲရှိတယ် အဲဒါမျိုးပေါ့လေ အဲဒါကြောင့်မို့လို့ ဒီ သန်းခေါင်စာရင်းဟာ ကျွန်တော်တို့ ကချင်လူမျိုးကို ဥပမာကြည့်မယ်ဆိုရင် ကျွန်တော်တို့အတွက်ကတော့ ဒါ မရှင်းလင်းမှုတွေ မပြတ်သားမှုတွေအများကြီးဖြစ်ပြီးမှ ရှုပ်ထွေးမှုတွေဖြစ်စေတယ်လို့မြင်တယ်”

တိုင်းရင်းသားများကြား ကွဲပြားသွားခြင်းမရှိစေရန် ကချင်မျိုးနွယ်စုများ လူထု ၄ သိန်းခန့်ရှိသော KBC အဖွဲ့ချုပ်သည် သန်းခေါင်စာရင်း ကောက်ယူချိန် လူမျိုး code နံပါတ်များတွင် ‘ကချင်’ ဟု တပ်ထားသော code နံပါတ်ကိုသာ ရွေးချယ်ရန်သဘောတူ ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

“ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာပြန်ကွဲပြားသွားမယ်ဆိုရင် ကျွန်တော်တို့ကချင်မှာတောင်မှ အခု တချို့က ကျွန်တော်တို့က လော်ဝေါ်ပဲ ကျွန်တော်တို့က ဇိုင်ဝါးပဲ ဆိုတဲ့ဟာတွေ ပိုများလာတဲ့အချိန်မှာ စိတ်ဝမ်းကွဲမှုတွေ စည်းလုံးညီညွတ်မှုပျက်ပြားမှုဟာ ပိုများလာနေတာကိုတွေ့ရတော့ ငြိမ်းချမ်းမှုကို တော်တော် အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့်မို့လို့ စစ်မှန်တဲ့သန်းခေါင်စာရင်းကိုယူမယ်ဆိုရင် တိုင်းပြည်ငြိမ်းချမ်းပြီးမှ ceasefire နောက်ပိုင်းမှ ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်တို့မြင်တယ်”

တဖက်တွင်လည်း ထိုသို့မျိုးနွယ်စုထပ်မံခွဲခြားသတ်မှတ်ခြင်းကို အချို့မျိုးနွယ်စုခေါင်းဆောင်များက ထောက်ပြငြင်းဆိုခြင်းမရှိပဲ မိမိပြည်နယ် မိမိဘာသာစကားနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုများကို မျှော်လင့် နေသူများလည်းရှိသည်ဟု သိရသည်။

သို့သော် ကချင်ပြည်နယ်တွင်း အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကြား ပဋိပက္ခများဖြစ်ပေါ်နေဆဲဖြစ်သောကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် ထိခိုက်နိုင်သည်ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ခေါင်းဆောင် ဒေါက်တာတူးဂျာ သုံးသပ်ပြောဆိုသည်။

“တိုင်းရင်းသားတွေက ပိုများလာလေ စည်းလုံးညီညွတ်မှုက ပိုပြီးခက်တယ်။ ကျွန်တော်တို့နိုင်ငံမှာ အခုက အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တည်ဆောက်နေတဲ့အချိန်ဖြစ်တယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားအရေအတွက်ပိုပွားလေ ပိုများလေ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး တည်ဆောက်တဲ့နေရာမှာလည်း အနှောက်အယှက်အဟန့်အတားတွေ အများကြီးဖြစ်သွားနိုင်တယ်။ တချိန်တည်းမှာလည်း အချင်းချင်းယုံကြည်မှု တည်ဆောက်တဲ့အပိုင်းမှာလည်း ပိုပြီးအားနည်းသွားနိုင်တယ်။ အားလားတူ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်တဲ့နေရာမှာ အပြုသဘောမဆောင်ဘူးပေါ့ဗျာ အဲလိုဖြစ်သွားနိုင်တယ်လို့ ကျွန်တော်တို့က အဲလိုတွေးမိပြီးတော့မှ စိုးရိမ်တာပေါ့”

အလားတူ ကချင်လူထုအခြေပြုအဖွဲ့စည်း ၂၃ ဖွဲ့ကလည်း ငြိမ်းချမ်းမှုမရှိသေးသောနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ခံရန် မသင့်ကြောင်းနှင့် လူမျိုးများကြား ရှုပ်ထွေးစေမှုမဖြစ်စေရန် ပြုပြင်ပေးဖို့ တောင်းဆိုခဲ့သည်။

သို့သော် အစိုးရဖက်မှ လူမျိုးများပျောက်မသွားရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ကာ ပြင်ဆင်ခြင်းမရှိပေ။

၎င်းကိစ္စနှင့်ပတ်သက်၍ အစိုးရမှ ပြင်ဆင်ပေးခြင်းမရှိသော်လည်း ကချင်လူမျိုးများ စည်းလုံးညီညွှတ်မှုရှိစေရန် ရရှိနိုင်မည့်အခွင့်အရေးများကို လွှတ်တော်တွင် တင်ပြတောင်းဆိုသွားရန်ပြင်ဆင်လျက်ရှိကြောင်း ပြည်သူ့လွှတ်တော်အမတ် ဒေါ်ဒွဲဘူပြောသည်။

ကချင်ပြည်နယ်တွင် သန်းခေါင်စာရင်းကောက်ယူချိန် ‘ကချင်’ တွင်သာထည့်ရန် ပညာပေး ထုတ်ပြန်ကြေငြာခြင်းများပြုလုပ်နေသော်လည်း လက်တွေ့ ကောက်ခံမည့်သူများသည် အစိုးရအဖွဲ့ဝင်များသာဖြစ်သောကြောင့် အဖြေသည် အစိုးပေါ်သာမူတည်သည်ဟုလည်း လူထုဖက်ကပြောဆိုနေကြသည်။

ကချင်လူမျိုးများထဲတွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပြင် အခြား လူနည်းစု သီးသန့် လက်နက်ကိုင် အဖွဲ့များရှိပြီး ၄င်းတို့သည် အစိုးရနှင့်အကျိုးတူ ပူးပေါင်းလှုပ်ရှားနေသောအဖွဲ့များလည်း ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို ၁၈၉၁ ခုနှစ် မှ စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၈၃ ခုနှစ်တွင် နောက်ဆုံးကောက်ယူခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။


0 comments:

Post a Comment