Monday, March 10, 2014

ဂျေယန့်ဒုက္ခသည်များ မိမိနေအိမ်များပြုပြင်နေ

ဂျေယန့် ဒုက္ခသည်စခန်း၊ လိုင်ဇာ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ဂျေယန့်ဒုက္ခသည်စခန်းတွင် နေအိမ် ၆၀၀ ကျော် ပြုပြင်ရန်လိုအပ်လာသောကြောင့် ဒုက္ခသည်များ မိမိတတ်နိုင်သမျှဖြင့် ပြုပြင်နေကြောင်းသိရသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပျက်စီးယိုယွင်းနေသော ဒုက္ခသည်နေအိမ်များကို ပြုပြင်ပေးမည်ဟု ပြောဆိုထားသော်လည်း လက်ရှိနေထိုင်မှုတွင် ခက်ခဲမှုရင်ဆိုင်နေရသောကြောင့် ဒုက္ခသည်များကိုယ်တိုင်ပြုပြင်နေခြင်းဖြစ်သည်ဟု စခန်းမှသိရသည်။

ယခင်နှစ်များတွင် ဧပြီလအတွင်း လေပြင်းမုန်တိုင်းများတိုက်ခိုက်လာကာ ဒုက္ခသည်များနေထိုင်ရာ နေအိမ်များလွင့်စင်သွားသောကြောင့် ခက်ခဲများရင်ဆိုင်ခဲ့ရပြီး ယခုနှစ် ထိုသို့ထပ်မံဖြစ်လာမည်ကို ဒုက္ခသည်များစိုးရိမ်ပူပန်ခြင်းဖြစ်သည်ဟု ဂျေယန့်ဒုက္ခသည်စခန်းတာဝန်ခံ အထွေထွေအတွင်းရေးမှူး လဘန်ဂျော်ဂျာ KNG ကချင်သတင်းဌာနသို့ ပြောသည်။

“လေပြင်းမလာခင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ တတ်နိုင်သလောက် အိမ်တွေကိုဝါးလုံးတွေနဲ့ ဒေါက်ထောက်ပြီး ပြုပြင်နေတယ် တဝက်လောက်တော့လုပ်နေကြပြီ ဒီလိုပြုပြင်လည်းအိမ်တွေက မခိုင်ပါဘူး အသစ်ဆောက်ရတော့မဲ့ အိမ်တွေဖြစ် နေပြီလေ”

မတ်လ ၄၊ ၅ ရက်နေ့အတွင်း လိုင်ဇာအနီးရှိ ဂျေယန့် ဒုက္ခသည်စခန်းသို့ UNHCR အဖွဲ့များ လာရောက်ကာ အကူအညီပေးရေးဆိုင်ရာ ကတိက၀တ်များပြုခဲ့ချိန် လိုင်ဇာအမှတ် ၃ ဈေးရှိ ဒုက္ခသည် အိမ်ခြေ ၁၂၀ ကျော်အတွက်မူ ယခုမတ်လ လကုန်ပိုင်းမှ နေအိမ်သစ်များတည်ဆောက်ပေးမည်ဟု ပြောဆိုထားသော်လည်း ဂျေယန့်ဒုက္ခသည် အိမ်ခြေ ၆၀၀ ကျော်အတွက်မပါသေးကြောင်း သိရသည်။

ဂျေယန့်ဒုက္ခသည်စခန်းအတွက် အိမ်ပြုပြင်မှုများကို  စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှ စတင်နိုင်မည်ဟုဆိုသောကြောင့် ဒုက္ခသည်များအတွက်ခက်ခဲနေခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများထံမှသိရသည်။

ဗဟိုဌာနချုပ်လိုင်ဇာအနီးရှိ ဒုက္ခသည်စခန်းများတွင် ဂျေယန့်ဒုက္ခသည်စခန်းသည်စခန်း၌ လူဦးရေအများဆုံးဖြစ်ပြီး နေထိုင်မှုအခက်ခဲများ ရင်ဆိုင်ရကာ လက်ရှိချိန် နေအိမ်အပါအ၀င် သောက်ရေသုံး ရေများခက်ခဲနေကြောင်းလည်းသိရသည်။



0 comments:

Post a Comment