Wednesday, March 26, 2014

မြစ်ဆုံရေကာတာကြောင့် ပြောင်းရွှေ့ခံဒေသခံများ ဆန္ဒမဲကောက်ခံရာ ကန့်ကွက်မဲပိုများ

ဒေါ်ဂျာခေါန် အား မတ် ၂၆ မြစ်ကြီးနား သတင်းစာရှင်းလင်းပွဲတွင် မြင်ရပုံ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မေခ-မလိခ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် တိုက်ရိုက် ဆိုးကျိုးခံနေရသော အောင်မြင်သာ ဒေသခံပြည်သူများသည် “မြစ်ဆုံရေကာတာ အလိုရှိ (သို့မဟုတ်) အလိုမရှိ” ဟူသော ခေါင်းစဉ်ဖြင့် ဒေသခံများ၏ သဘောထားအမှန် ဆန္ဒမဲကောက်ခံခြင်းကိုပြုလုပ်ခဲ့ကြောင်းသိရသည်။

မြစ်ဆုံရေကာတာ ဆက်လက်တည်ဆောက်ရန် ကြိုးပမ်းနေသော တရုတ်အစိုးရသည် ပြောင်းရွှေ့ခံခဲ့ရသော ဒေသခံများကို ၄င်းတို့ကိုယ်တိုင် ဆန္ဒရှိသောကြောင့်ဟု ပြောဆိုနေသောကြောင့် လက်တွေ့ ဆန္ဒထုတ်ဖော် ခြင်းဖြစ်ကြောင်း အောင်မြင်သာဒေသခံတဦးဖြစ်သူ Mungchying Rawt Jat (MRJ) အဖွဲ့မှ ဒေါ်ဂျာခေါန် ပြောသည်။

“ကျမတို့ ဒေသခံတွေ မြစ်ဆုံရေကာတာမဆောက်ဖို့ အကြိမ်ကြိမ်ကန့်ကွက်ခဲ့ပါတယ် အခုတခါလည်း ကျမတို့ဒေသခံတွေ ၉၃ ရာခိုင်နှုန်းလောက်က မြစ်ဆုံရေကာတာကို ကန့်ကွက်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိဖို့ ဆန္ဒမဲအရဖော်ပြတာဖြစ်တယ်” ဟု ဆိုသည်။

မတ်လအတွင်းကောက်ခံထားသောစာရင်းများအရ အောင်မြင်သာ၊ ကျိန်ခရာ၊ တန်ဖရဲ၊ ပန်ဒန်ပါမှ ၁၈ နှစ်အထက် ဒေသခံ စုစုပေါင်း ၁၁၆၀ ဦး ဆန္ဒမဲပေးခဲ့ရာတွင် ကန့်ကွက်မဲ ၁၀၈၄၊ ထောက်ခံမဲ ၄၃ နှင့် ပယ်မဲ ၃၃ မဲရရှိခဲ့ကြောင်း ဆန္ဒမဲကောက်ခံသော အောင်မြင်သာဒေသခံများပြောသည်။

တရုတ်အစိုးရ CPI မှ ထုတ်သည့် စာအုပ်တွင် ပြောင်းရွေ့ဒေသခံများသည် ဆည်စီမံကိန်း တည်ဆောက်ရန် ၈၀ ရာခိုင်နှုန်း သဘောတူ ထောက်ခံပြီးဖြစ်ကြောင်း၊ ဆုံးရှုံးသော နစ်နာကြေးကိုလည်း ပေးပြီးဖြစ်ကြောင်း ဆန်များလည်းထောက်ပံ့ပေးနေသည်ဟု ပြောဆိုမှုများကြောင့် ဆန္ဒမဲကောက်ခံ ခြင်းဖြစ်သည်ဟု စောင့်ကြည့်လေ့လာသူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)မှ ဒုတာဝန်ခံ စားဂျီ က KNG ကချင်သတင်းဌာန သို့ပြောသည်။

“မြစ်ဆုံဆည်တည်ဆောက်ဖို့ ဒေသခံတွေရဲ့ သဘောထားအမှန်ကို လက်တွေ့သိရှိရန် ဆန္ဒမဲကောက်ခံချိန်မှာ ၁ ထောင်ကျော်ကနေ ၁ ထောင်ကျော်က ကန့်ကွက်ထားတယ် မြန်မာတစ်နိုင်ငံလုံးကန့်ကွက်တဲ့ မြစ်ဆုံဆည်စီမံကိန်းကို ဒေသခံတွေလည်းထပ်တူ မနှစ်သက်ကြောင်းကို တကမ္ဘာလုံးသိစေချင်တယ် ဆည်စီမံကိန်း ၇ ခုကို ကန့်ကွက်ကြောင်းကို သက်သေပြချင်လို့” ဟုပြောသည်။

ထိုသို့မဲကောက်ခံပြီးနောက် မြစ်ဆုံရေကာတာတည်ဆောက်ခြင်းအပေါ် ပြောင်းရွှေ့ခံပြည်သူများ၏ ဆန္ဒထုတ်ဖော်သည့် သတင်းထုတ်ပြန်ချက်ကို မတ်လ ၂၆ ရက်နေ့တွင် စီတာပူ သီတာနှစ်ခြင်းခရစ်ယာန် ခန်းမတွင် သတင်းစာရှင်းလင်းပွဲတရပ်လည်းပြုလုပ်ခဲ့ကြောင်းသိရသည်။

၂၀၁၁ ခုနှစ်မှ သမ္မတ ဦးသိန်းစိန်လက်ထက် မြစ်ဆုံရေကာတာတည်ဆောက်ခြင်း ဆိုင်းငံ့ထားသော်လည်း စီမံကိန်းကြောင့် ပြောင်းရွေ့ခံခဲ့ရသော ဒေသခံများသည် မိမိတို့၏မူလနေအိမ်သို့ ပြန်လည်နေထိုင်ခွင့် မရှိကြောင်း ဒေသခံများပြောသည်။

လူထုအခြေပြုအဖွဲ့အစည်း MRJ အဖွဲ့မှ ၂၀၁၃ မေလတွင်ထုတ်ထားသော “စံပြမဖြစ်သည့် စံပြစခန်းများ” အစီရင်ခံစာတွင် ပြောင်းရွှေ့ခံရသော ဒေသခံများသည် မိမိနေရာသို့ လွတ်လပ်စွာနေထိုင်ခွင့် ရရှိရန်နှင့် မြစ်ဆုံရေကာတာ အပါအဝင် မေခ၊ မလိခ ပေါ်တွင် တည်ဆောက်မည့် ဆည် ၇ ခုလုံးကို လုံးဝရပ်တန့် ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။

သို့သော် မြစ်ဆုံရေကာတာ ဆောက်လုပ်ထားသောနေရာတ၀ိုက် တရုတ်ဆောက်လုပ်ရေးအဖွဲ့များနှင့် အစိုးရမှလည်း လုံခြုံရေးယူထားဆဲဖြစ်ပြီး ဆည်တည်ဆောက်ရန် ကြိုးပမ်းနေဆဲဖြစ်သည် ဟု မျက်မြင်ဒေသခံများကပြောသည်။



0 comments:

Post a Comment