Friday, March 21, 2014

နိုင်ငံတော်သမ္မတမှ ကချင်ခရစ်ယာန်ဆရာတော်များအား အပစ်ရပ်စဲရေး လက်ခံရန် သတိပေး

မတ် ၁၆  မြစ်ကြီးနား ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးသို့ ရောက်လာတဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့သို့ မတ်လ ၁၆ ရက်နေ့က ရောက်ခဲ့ချိန် ပထမဦးဆုံးအကြိမ် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ရုံးတွင် ကချင် ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံနှင့် တွေ့ဆုံခဲ့ပြီး အပစ်ရပ်ရေးလက်ခံရန် ပြောဆိုမှုများရှိခဲ့ကြောင်း သိရှိရသည်။

သမ္မတ ရောက်လာချိန်အတွင်း အပစ်ရပ်ရေးကို သဘောတူညီလက်ခံရန် ခရစ်ယာန်ဆရာတော်များကို မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)သို့ ခေါ်ယူ သတိပေးမှုများလည်းရှိခဲ့သည်ဟု KBC မှသိရသည်။

တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်မှ မတ်လ ၁၇ ရက်နေ့တွင် KBC သိက္ခာ တော်ရ ဆရာ G. La Myen၊ နောင်နန်းကချင်ဓမ္မကောလိပ် (KTC) ကျောင်းအုပ်ဟောင်း Rev. Dr. Saga Hkyen Naw နှင့် ရိုမန်ကတ်သလစ်ဘုန်းတော်ကြီး နော်ဒင့် (Father Naw Din) တို့ကို မပခ သို့ သီးသန့် ခေါ်ယူကာ “ဧပြီလဆန်းတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)မှ အပစ်အခတ်ရပ်စဲခြင်းမရှိလျင် ရန်သူအဖြစ် သတ်မှတ် တိုက်ခိုက်မည်ဟု” သတိပေးပြောဆိုခဲ့ကြောင်း KBC ဆရာတော်များပြောသည်။

ထိုသို့ သတိပေးချက်နှင့်တကွ အစိုးရတပ်သည် KIA ထိန်းချုပ်နယ်မြေ နေရာတိုင်းတွင် စစ်အင်အားများ အလုံးအရင်းတိုးချဲ့ထားပြီး ဖြစ်သောကြောင့် ပြင်းထန်သောတိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း KIO အရာရှိများ သုံးသပ်နေကြသည်။

ယခုချိန် ရှမ်းပြည်မြောက်ပိုင်း KIO တပ်မဟာ (၄) နယ်မြေ၊ လိုင်ဇာ ဗဟိုဌာနချုပ် တပ်မဟာ (၅) နယ်မြေနှင့် မိုင်ဂျာယန် တပ်မဟာ (၃) နယ်မြေများတွင် အစိုးရတပ်များ စစ်ရေးလှုပ်ရှားနေကြောင်း ဆက်လက်သိရှိရသည်။


0 comments:

Post a Comment