Thursday, March 27, 2014

ဘွမ်စစ်ပါ ဒုက္ခသည်စခန်းမီးလောင်မှု ၁၃ နှစ်သမီး သေဆုံး၍ မိခင်နှင့် ကလေး ဒဏ်ရာပြင်းထန်စွာရ

KIO မိုင်ဂျာယန်ဒေသ ဘွမ်စစ်ပါ (Bum Tsit Pa) ဒုက္ခသည်စခန်းမီးလောင်မှုဖြစ်ပွားပြီး အသက် ၁၃ နှစ် ကလေး သေဆုံး

ကချင်ပြည်နယ် တရုတ်နယ်စပ် ဗန်းမော်မြို့နယ် ဘွမ်စစ်ပါစခန်းယာယီတဲတွင် မတ်လ ၂၀ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ မိခင်နှင့် ၃ နှစ်ရွယ် ကလေးငယ် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ၁၃ နှစ်အရွယ် သမီးငယ် တဦး သေဆုံးသွားခဲ့သည်။

အဆိုပါ မုဆိုးမ ဒေါ်လဘန်ကော့ မိသားစုခိုလှုံရာ ယာယီတဲအိမ်တွင် မီးဖိုချောင်ပြာမီးမှတဆင့်ဟု ယူဆရသောမီးသည် ညသန်းခေါင်မှ ရုတ်တရက်ထလောင်လာချိန် မိခင်ဖြစ်သူက အခြားသောသားသမီးများကို ကယ်တင်နိုင်ခဲ့သော်လည်း သမီးကြီးဖြစ်သူ ၁၃ နှစ်အရွယ် အင်ခွမ်မိုင်းရာကိုမူ အသက်ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်ဟု စခန်းများကိုကြည့်ရှုနေသော ကချင်ဒုက္ခသည်များကူညီမှုအဖွဲ့ Wunpawng Ninghtoi (WPN) တာဝန်ခံ ဒေါ်မေရီတောမ် KNG ကချင်သတင်းဌာနသို့ပြောသည်။

“မနက် ၂ နာရီမှာ လဘန်ကော့ ဆိုတဲ့ မုဆိုးမပေါ့နော် သားသမီး ၇ ယောက်ရဲ့အမေဖြစ်တယ် ဒါမဲ့ အခင်းဖြစ်တဲ့ မနက်မှာတော့ သူတို့ သားသမီး ၅ ယောက်နဲ့ အိပ်နေတဲ့အချိန်မှာ ထလောင်တာဖြစ်တယ် မီးထလောင်တာနဲ့ မိခင်ဖြစ်သူက သူ့ရဲ့ငယ်တဲ့ သားသမီး အားလုံးကို နိုးပြီးမှ သူကအော်.. တခါထဲ တဲအပြင်ကိုထွက်ခိုင်းတယ်ပေါ့ အဲလိုထွက်ခိုင်းတဲ့အခါမှာ ဒုတိယသမီးကြီး အင်ခွမ်မိုင်းရာလို့ခေါ်တယ် သူ့ကိုတော့ အမေက သူကအကြီးလည်း ဖြစ်တယ်ဆိုတော့ ထွက်သွားပြီထင်တာ မီးက အရမ်းကို လောင်တယ် အဲတော့ မအေဖြစ်သူက သမီးငယ်ထွက်သွားပြီလို့ထင်ပြီးမှထွက်လိုက်တဲ့ အခါမှာ ၁၃ နှစ် သမီးကတော့ မီးလောင်ပြီးသေဆုံးသွားတာ။ အမေဖြစ်သူက နောက်ဆုံးထွက်တယ် ထွက်တဲ့အခါမှာလည်း သူ့ရဲ့သား ၃ နှစ်သားလေး ဒီ တဲပေါ်ကနေ မီးလောင်ကျွမ်းနေတဲ့ ပလပ်စတစ်တွေကျပြီးတော့ ၃ နှစ်သားလေးရဲ့ ကျောမှာ ခြေထောက်မှာတွေ အားလုံး မီးလောင်ဒဏ်ရာပြင်းထန်စွာရရှိသွားတယ် မိခင်ဖြစ်သူမှာလည်း တင်ပါး နောက်ပြီးတော့ ပေါင်၊ နောက် ခြေဖ၀ါးတွေ နှစ်ဖက်လုံးပေါ့ လမ်းတောင်မလျှောက်နိုင်တော့ဘူး” ဟုပြောသည်။

ဒဏ်ရာပြင်းထန်စွာရရှိထားသော မိခင်နှင့်သားငယ်ကို ယခုချိန် တရုတ်ပြည်ဖက်ခြမ်း ဆေးရုံတွင် ဆေးကုသမှုပေးနေပြီး အနည်းဆုံး ရက် ၂ ပတ် ကုသမှုခံယူရမည်ဖြစ်ကြောင်း တရုတ်ဆေးပညာရှင်များက ပြောဆိုခဲ့သည်။

အဆိုပါ ပြင်းထန်သောမီးလောင်မှုတွင် မိသားစုဆိုင်ကယ်တစီး အပါအ၀င် ပစ္စည်းအားလုံး မီးလောင်ကျွမ်းသွားခဲ့ကြောင်းသိရသည်။

ထိုသို့ နေအိမ်တခုလုံးလောင်ကျွမ်းလွယ်ခြင်းသည် ပလပ်စတစ်မိုးကာအခင်းအိမ်ဖြစ်သောကြောင့်ဖြစ်ပြီး အခြားယာယီတဲအိမ် အိမ်ခြေ ၂၉၀ တွင် ကူးစက်မသွားအောင် ဒုက္ခသည်များက ၀ိုင်းဝန်း၍ အမြန်ဆုံး ငြိမ်းသတ်နိုင်ခဲ့သောကြောင့် အခြားသောဒုက္ခသည်များအသက်အန္တရာယ်မှ လွှတ်မြောက်သွားခဲ့သည်ဟု WNP တာဝန်ခံ ဒေါ်မေရီတောမ်ဆက်ပြောသည်။

“အရမ်းကိုလောင် ဓါတ်အားပေးတဲ့နေရာဖြစ်တယ် စခန်းရဲ့နေရာဆိုရင်လည်း တဲမဆောက်ထားတဲ့နေရာမို့လို့ လဟာပြင်ဖြစ်တယ် လေကလည်းတိုက်တယ်။ ကံကောင်းထောက်မစွာ ကျန်တဲ့တဲတွေကို မကူးဘူး။ ပြောရမယ်ဆိုရင် ဘွမ်စစ်ပါစခန်းက တဲ တစ်တဲနဲ့ တစ်တဲဟာ ၃ ပေ ၅ ပေ ကြား အဲလောက်ပဲကွာတယ် အကယ်၍သာ သားအမိတွေရဲ့ဆိုင်ကယ်ဓါတ်ဆီတိုင်ကီနားမှာ ထိပြီးလောင်မယ်ဆိုရင်တော့ မတွေးဝံ့စရာပဲ။ ဘာဖြစ်လို့လောင်ကျွမ်းလဲဆိုတာကိုလည်း တော်တော်လေး စဉ်းစားတယ် ဘာဖြစ်လဲဆိုတော့ အခုယာယီတဲမှာ နေနေတဲ့လူတွေဟာဆိုလို့ရှိရင် မီးဖိုချောင်ရယ်လို့သီးသန့်မရှိဘူး။ ဒီအိပ်တဲ့တဲရဲ့ဘေးမှာပဲ ချက်ပြုတ်စားသောက်ဖို့အတွက် သွပ်ပြားလေးတချပ်ကို လေတိုက်တဲ့ဖက်က ရိုက်ပြီးမှကာပြီးမှ အဲလိုချက်စားတာဖြစ်တယ် အဲကြောင့် ပြန်စဉ်းစားတဲ့အခါမှာတော့ မီးငြိမ်းသတ်ပြီးမှ နောက်ဆုံး လက်ကျန်မီးသတ်တဲ့အခါမှာ နည်းနည်းလေး မီးကြွေးမီးကျန်ကလေးဟာ မနက် ၂ နာရီလောက်မှာ အရှိန်ရလာပြီးတော့ တခါထဲ လောင်ကျွမ်းလာတယ်လို့ ပဲ ယူဆတယ်ပေါ့လေ” ဟု ပြောသည်။

ဘွမ်စစ်ပါစခန်းတွင်ခိုလှုံနေသော ဒုက္ခသည်များသည် ပြီးခဲ့နှစ် ၂၀၁၃ နိုဝင်ဘာလက အစိုးရတပ် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဗန်းမော် နမ်လင်းပါကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များဖြစ်ပြီး ၄င်းတို့နေရာထိုင်းခင်းအတွက် ကုလဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ UNHCR က ယာယီပလပ်စတစ်တဲများ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ ၅ လခန့် ပလပ်စတစ် ယာယီအိမ်တွင်နေထိုင်ရချိန် အခက်ခဲများရင်ဆိုင်နေရပြီး တဲအိမ်များကိုမည်သည့်ချိန် ဆောက်လုပ်ပေးမည်မသိရသေးသောအခြေအနေတွင် ယခုကဲ့သို့ မီးလောင်မှုဖြစ်ရပ်ရင်ဆိုင်ရသောကြောင့် ဒုက္ခသည်များ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုနှင့် စိုးရိမ်ကြောက်လန့်နေကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။

ထိုသို့ အခက်ခဲအခြေအနေများနှင့် ရေရှည်နေထိုင်သွားရန်ထက် မိမိနေရပ်သို့ပြန်လိုကြောင်း ဒုက္ခသည်အမျိုးသားတဦးက ပြောသည်။

“ကျွန်တော်တို့ စစ်ရှောင်တွေက နေရပ်ပြန်ဖို့ ကျွန်တော်တို့မျှော်လင့်နေတယ် ဒါပေမယ့် အခုစစ်တပ်ဖက်က အခု ထိုးစစ်ဆင်တာတွေလည်း မရုပ်သိမ်းဘူးဆိုတော့ ကျွန်တော်တို့ပြန်ဖို့ခဲယဉ်းနေတယ်။ စားနှပ်ရိက္ခာတွေကျတော့ လုံလောက်မှုရှိတယ် စိတ်ဓါတ်ပိုင်းကျတော့ နေရပ်ကိုစွန့်ခွာပြီးမှ ဒီလိုမျိုး တရုတ်ပြည် နယ်စပ်မှာလာနေရတာ ဆိုတော့ နေရထိုင်ရတာကျတော့ တမျိုးပေါ့ကွာ ခံစားရတာပေါ့”

ဘွမ်းစစ်ပါဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၁ ထောင် ကျော်ခိုလှုံနေကြပြီး အဆိုပါမီးလောင်မှုဖြစ်ရပ်သည် တရုတ်နယ်စပ်တလျှောက် ဒုက္ခသည်များတွင် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် ယခုချိန် စခန်းများတွင် ရာသီဥတုခြောက်သွေ့လာချိန် မီးသတိပြုရန် ကာကွယ်မှု ပညာပေးအစီစဉ်များကို စခန်းကော်မတီဝင်များက ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ်တလျှောက် တိုက်ပွဲကြောင့် ထွက်ပြေးခိုလှုံလာသော ဒုက္ခသည်များ ၁ သိန်းကျော် ရှိပြီး ယခုချိန် စခန်းအများစုတွင် နေရာထိုင်ခင်းအခက်ခဲဖြစ်ပွားနေကြောင်းလည်း ဆက်လက်သိရှိရသည်။



0 comments:

Post a Comment