Monday, January 27, 2014

ကချင်ပါတီများ တစ်ခုတည်းဖြစ်ရေး ဆွေးနွေး



ကချင်ပြည်နယ်တွင်ရှိသော ကချင်ပါတီများ တစ်ခုတည်းဖြစ်ရန် ကချင်ပါတီ ၄ ပါတီနှင့် ဇန္နဝါရီလ ၂၅ ရက် စနေနေ့က ‘ကချင်ပြည်သူ့အသံထုတ်ဖော်ရေးကော်မတီ- ဖါးကန့်မြို့နယ်’ မှ ပထမဆုံးအနေဖြင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ သည်။


၎င်းကို ‘ကချင်ပြည်သူ့အသံထုတ်ဖော်ရေးကော်မတီ-ဖါးကန့်မြို့နယ်’ မှ ဦးဆောင်ခြင်းဖြစ်ပြီး ကချင်တိုင်းရင်းသား နိုင်ငံရေးပါတီများ တစ်ခုတည်းဖြစ်စေရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကော်မတီ ဥက္ကဌ ဆရာလမောင် လတောင် က KNG ကချင်သတင်းဌာနသို့ပြောသည်။

“ကချင်ပြည်နယ်အတွင်းမှာ ပါတီတည်ထောင်ခွင့်ပြုထားတာ ပါတီ ၅ ခုရှိတယ် အဲဒီပါတီ ၅ ခုက အဲဒီလို ဘဲ ယှဉ်ပြိုင်သွားရင်တော့ မကောင်းဘူး တစ်ခုထဲဖြစ်ရင်တော့ ကျနော်တို့အထဲမှာအားရှိမယ် အကြိုးရှိမယ် လို့မြင်ပြီးတော့ အခုလိုကော်မတီဖွဲ့ပြီး လုပ်ခြင်းဖြစ်တယ်”

ကချင်ပြည်သူ့အသံဖော်ထုတ်ရေးကော်မတီ ဥက္ကဌက ပါတီတွေ ပေါင်းစည်းခြင်းအားဖြင့် “တစ်ခုတည်းဖြစ်ပြီး ယှဉ်ပြိုင်ရင်တော့ ပြည်သူ့အသံထွက်လို့ရတယ် အမျိုးသားရေးကိစ္စတွေ လည်း လုပ်လို့ရတယ်” ဟု ဆက်ပြောသည်။

အဖွဲ့ဝင် ၁၁ ဦးပါ ကချင်ပြည်သူ့အသံဖော်ထုတ်ရေးကော်မတီ-ဖားကန့်မြို့နယ်မှ ကိုယ်စားလှယ် ၅ ဦးက ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP)၊ ကချင်ပြည်နယ်အမျိုးသားဒီမိုကရေစီကွန်ဂရက် ပါတီ (KNCD)နှင့် လီဆူးအမျိုးသားဖွံ့ဖြိုးရေး ပါတီ (LNDP) များ၏ခေါင်းဆောင်များနှင့် မြစ်ကြီးနားမြို့တွင် တစ်ရက်တည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အစိုးရ ကြောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၀င်ဟောင်းများနှင့် ဖွဲ့စည်းထားသော စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီ ပါတီ-ကချင်ပြည်နယ် (UDPKS) ပါတီကို တွေ့ဆုံရန် အကြောင်းကြားထားသော်လည်း ‘ပါတီခေါင်းဆောင် မရှိ’ ဟု အကြောင်းပြန်သောကြောင့် မဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

“ပါတီ ၅ ခုမှာ ဘယ်ပါတီမှာမဲထဲမှာလည်း ပါတီမဲက ၅ ခုလုံးမှာထည့်ရင်တော့ အကျိုးမရှိဘူး ကျနော်တို့က ၁ ခုမှာ ပဲထည့်ရမယ်ဆိုတော့ ကချင်တိုင်းရင်းသားနိုင်ငံရေးပါတီ တစ်ခုတည်းဖြစ်စေရန် ကြိုးစားရတော့မယ်ဆိုပြီး ၇ ယောက် အရင်ဆွေးနွေးတယ် ပြီးတော့ ဖားကန့်မြို့အနီးရှိ ရပ်မီရပ်ဖများ ၈၀ ကျော်နဲ့ ဆက်ဆွေးနွေးကြတဲ့ထဲ ကော်မတီ ၁၁ ယောက်ကိုပြန်ရွေးတယ် အဲဒီမှာ ဂျိန်းဖော့၊ လော်ဝေါ်၊ ရဝမ်၊ လချီ (လချိတ်)၊ အဇီး၊ လီဆူး ကချင်မျိုးနွယ်စု (၆)” စု ပါဝင်သည်ဟု ဆရာ လမောင်လတောင်က ပြောသည်။

ကချင်နိုင်ငံရေးပါတီအားလုံး တစ်ခုတည်းပေါင်းစည်းခြင်းကို ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party) ခေါင်းဆောင် ဦးဂွမ်ကရောင်အောင်ခမ်း “သဘောတူလက်ခံကြောင်း” ပြောသည်။

ကချင်နိုင်ငံရေးပါတီ တစ်ခုတည်းမဖြစ်လာလျှင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲတွင် ကချင်ပြည်သူ့အသံဖော် ထုတ်ရေးအဖွဲ့-ဖားကန့်မြို့နယ်မှ မည်သည့်ပါတီကိုလည်း မဲပေးမည်မဟုတ်ကြောင်း ဆုံးဖြတ်ထားပြီဖြစ်ကြောင်း လည်း ဦးလမောင်လတောင်ပြောသည်။ ကချင်ပြည်သူ့အသံဖော်ထုတ်ရေးအဖွဲ့သည် ဖားကန့်မြို့နယ်ရှိ ကချင်ပြည်သူ ၃၀၀၀၀ ကျော်ကိုယ်စားပြုသောအဖွဲ့ဖြစ်သည်။

ကချင်ပါတီ ၄ ပါတီနှင့် သီးခြားခြင်းစီ ပထမဆုံးကြိမ် တွေ့ဆုံဆွေးနွေးရာတွင် ကချင်ပါတီတခုတည်းဖြစ်ရန် သဘောတူညီမှုမရရှိသေးသော်လည်း လာမည့် ဖေဖော် ဝါရီလတွင် ပါတီပေါင်းစုံခေါင်းဆောင်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment