Tuesday, January 7, 2014

ပြည်သူ့စစ်အဖွဲ့က သင်းထောက်ဆရာတဦးထံမှ မြေသိမ်းသည့်အပြင် ရိုက်နှက်ထိုးကြိတ်


ရွှေတူးဖော်ရန် လဆန်အောင်ဝါပြည်သူ့စစ်အဖွဲ့မှ အဓ္ဓမသိမ်းယူထားသော ဒေသခံ KBC အသင်းတော် သင်းထောက် LASAN LA RAW ပိုင် လယ်ကွင်းနဲ့ TE WAI NGA JAT YANG ရွာ၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်။

လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့မှ ဗိုလ်ကြီး တဦးက ကချင်နှစ်ခြင်းခရစ်ယာန် (KBC) အသင်းတော်မှ သင်းထောက် တဦး၏ လယ်ယာမြေကို သိမ်းယူရုံမက လူကိုလည်း ထိုးကြိတ်ရိုက်နှက်ခဲ့သည်။


လယ်သိမ်းထားသည်ကို ပြန်တောင်းရာမှ ထိုးကြိတ်ရိုက်နှက်မှုခံရခြင်း ဖြစ်ကြောင်း သင်းထောက် ဦးလဆန်လရော် (Hpungtau Lasan La Raw) က KNG ကချင်သတင်းဌာန ကို ပြောပြသည်။

“တခါထဲ ခေါင်း မှာ ၆ ကြိမ်ကျော်ထိုးပြီး မျက်နှာတွေမှာလည်းထိုးတယ် ပါးရိုက်တယ် နင်ကဘာသင်းထောက်လဲ ဘာ KBC ဘာ နှစ်ခြင်း ဆိုပြီးထိုးကြိတ်တယ် သတ်လိုက်မယ်ဆိုပြီး။ ကျနော်လည်းအရမ်းနာတော့ ခေါင်းကအောက်ကျသွားချိန် ဝါးလုံးကြီးနဲ့ပြန်ရိုက်လာတယ် ဒီကောင်ကိုသတ်လိုက် ဖမ်းပြီး ကြိုးတုတ်လိုက် ဆိုပြီးအော်တယ်”

ကချင်ပြည်နယ် မြစ်ဆုံတဖက်ကမ်းရှိ သေးဝိုင် ငါဂျက်ယန်ရွာ (Te Wai Nga Jat Yang) ရှိ သင်းထောက်ဦးလဆန်လရော်၏ လယ်ယာကို ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဦးလဆန် အောင်ဝါ ပြည်သူ့စစ်တပ်ဖွဲ့မှ သိမ်းယူကာ ပြန်ပေးရန်တောင်းဆိုသည်ကို ဗိုလ်ကြီးဂမ်ဘားက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးလဆန်လရော်က ပြောသည်။

ထိုသို့ ဦးလဆန်လရော်သည် ထိုးနှက်ခြင်းခံရသော်လည်း ဗိုလ်ကြီးကို ပြန်ပြောခဲ့သည်ဆိုကာ တောင်းပန်ခိုင်းပြီး ပိုက်ဆံ ၂ သောင်းဖြင့် အသားဘူး သစ်သီးများဝယ်ကာ တောင်းပန်ခဲ့ရကြောင်း သိရသည်။

ထိုသို့ဖြစ်သည်နှင့် ချက်ခြင်း သေးဝိုင်ကျေးရွာ KBC ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာဇော်ဂျာက ပြည်သူ့စစ်တပ်ဖွဲ့ ဦးလဆန်အောင်ဝါအား ဖုန်းဆက်အကြောင်းကြားရာ ဦးလဆန်အောင်ဝါမှ “ကျနော်က မသိတော့ဘူး ဆရာတို့ နင်တို့စိတ်နှိမ့်ချပြီးနေလိုက်ပေးပါ” ဟုသာပြောခဲ့ကြောင်းသိရသည်။

၎င်းရွာရှိမြေများသည် ရွှေထွက်သည့်နယ်မြေဖြစ်သောကြောင့် သိန်းချီတန်သည့် နယ်မြေဖြစ်သည်။

“ဥပဒေအရ လူတစ်ယောက်ကို နှိပ်စက်ဖို့ ခွင့်မရှိဘူး ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေက ခွင့်မပြုထားဘူး ဒါမဲ့ သင်းထောက် တယောက်ကို လက်ထိတယ် သတ်မယ်ဆိုပြီးခြိမ်းခြောက်တယ်ဆိုတာ ဥပဒေချိုးဖောက်တာ ဟုတ်တယ်” ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

ယခုချိန် သင်းထောက် ဦးလဆန်လရော်၏ လယ်ကွက်တွင် ဗမာလောပန်း တီတူးမှ ရွှေတူးဖော်နေပြီဖြစ်ကြောင်း သိရသည်။

၎င်းဒေသရှိ ရွာသားများသည် မြေပြေစာများယူရန် ငွေကြေးအခက်အခဲနှင့် အာဏာပိုင်များကို ကြောက်ရွံ့ ခြင်းကြောင့် ပြေစာများမရှိသေးပေ။

ယခုလို ဦးလဆန်အောင်ဝါအဖွဲ့မှ လယ်ယာများမတရား သိမ်းခြင်းကိုပင် အစိုးရသို့ တရားဝင်ပြောရန် ကြောက်ရွံ့နေကြောင်းသိရသည်။

သေးဝိုင် ငါဂျက်ယန် (Te Wai Nga Jat Yang) ကို ၂၀၀၂-၂၀၀၃ ခုနှစ်မှ ရွာတည်ပြီး လုပ်ကိုင်စားသောက်ရင်း နေထိုင်ကာ ၂၀၁၃ ခုနှစ်တွင် ၁၀ နှစ်ပြည့် ကျေးဇူးတော်ချီးမွမ်းပွဲများပြုလုပ်ကာ အိမ်ခြေ ၁၀၀ ခန့် ရှိသော ကျေးရွာဖြစ်ကြောင်းသိရသည်။

ပြည်သူ့စစ်လဆန်အောင်ဝါဖွဲ့သည် KIO အဖွဲ့မှ ခွဲထွက်ပြီးနောက် အစိုးရနှင့်ပူးပေါင်းပြီး လ၀ါယန်ဌာနေပြည်သူ့စစ်တပ်အဖြစ် အသွင်ပြောင်းခဲ့သည့် တပ်ဖွဲ့ ဖြစ်သည်။

မိုင်းနားမုန်နာမှ အခြား နယ်ခြားစောင့်တပ်ဖွဲ့ အသွင်ပြောင်းခဲ့သော NDA အဖွဲ့ လှုပ်ရှားရာ နယ်စပ်ထိ ကျေးရွာ ၄၀ ကျော်ရှိ နယ်မြေများတွင် လမ်းများဖောက်ကာ ရွှေတူးခြင်းကြောင့် ဒေသခံများ၏ နယ်မြေများ ဆုံးနေရကြောင်း ဒေသခံများက ပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment