Wednesday, August 24, 2011

ပင်လုံစာချုပ်အတိုင်း နိုင်ငံရေး ဆွေးနွေးရေး မြန်မာအစိုးရ လက်မခံ

ပင်လုံစာချုပ်ကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးအဖြေရှာခြင်းကို လက်မခံကြောင်း မြန်မာအစိုးရအဖွဲ့သစ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထံသို့ ပြီးခဲ့သည့်သီတင်းပတ်ကုန်ပိုင်းက ပြန်ကြားလာသည်ဟု KIO အရာရှိများပြောသည်။

သက်တမ်း ၅ လရှိပြီဖြစ်သည့် မြန်မာအစိုးရသစ်က အကယ်၍ KIO နှင့် နိုင်ငံရေးဆွေးနွေးလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းသာ ဆွေးနွေးသွားမည်ဟု ရှင်းရှင်းလင်းလင်းပြန်ကြားထားသည်ဟု ဆိုသည်။

KIO ၏တောင်းဆိုချက်များ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်ထည့်သွင်းထားခြင်းမရှိဟုဆိုကာ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေဘောင်အတွင်းမှ နိုင်ငံရေးဆွေးနွေးမှုမပြုနိုင်ဟု KIO အရာရှိများဆက်ဆိုသည်။

တာပိန်ရေကာတာလုံခြုံရေး အကြောင်းပြချက်ဖြင့် ဇွန် ၉ ရက်တွင် မြန်မာအစိုးရတပ်က ဗန်းမော်ခရိုင်ထဲရှိ KIA စစ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှ နှစ်ဖက်ကြား ၁၆ နှစ်ကျော်ကြာ အပစ်အခတ်ရပ်ဆိုင်းရေး ပျက်ပြားခဲ့သည်။

ယင်းသည် ပြည်ထောင်စု လွှတ်တော်က ကြေညာခြင်းမရှိဘဲ မြန်မာအစိုးရစစ်တပ်က KIA ကို ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်။

ဆယ်စုတစုကျော် အပစ်အခတ်ရပ်ဆိုင်းရေးကာလအတွင်း ဗမာတိုင်းရင်းသားများ ချုပ်ကိုင်သော နိုင်ငံတော်အစိုးရ က KIOနှင့် နိုင်ငံရေးဆွေးနွေး အဖြေရှာခြင်း မပြုလုပ်ခဲ့ပါ။

စစ်အစိုးရအလိုကျရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအတည်ပြုပြီးသည့်နောက် KIO နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force) သို့မဟုတ် ပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်။

မြန်မာအစိုးရအဆက်ဆက်နှင့် KIO ကြား နှစ်ဖက်သီးသန့် တွေ့ဆုံဆွေးနွေးမှုများမှတဆင့် တစ်ကြိမ်မျှ နိုင်ငံရေးဆွေးနွေးမှု အောင်မြင်ခြင်းမရှိခဲ့သဖြင့် ရှေ့ဆက်ကာ နိုင်ငံရေးဆွေးနွေးဖို့ရန် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ (UNFC) အနေဖြင့်သာ ပင်လုံနှစ်သာရကို အခြေခံကာ မြန်မာအစိုးရနှင့် ဆွေးနွေးသွားမည်ဟု KIO အထွေထွေအတွင်းရေးမှူး ၂ ဆလန်ကဘား လာနန် က ပြောသည်။

တိုင်းရင်းသားပေါင်းစုံနေထိုင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံကို ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ က သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး ထူထောင်ခဲ့သည်။

ယင်းစာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေးရယူခဲ့သည်။ သို့သော် နိုင်ငံတော်အာဏာအား ဗမာတိုင်းရင်းသားများက ယခုချိန်ထိ ချုပ်ကိုင်ထားသည်။

ယနေ့အထိ နှစ် ၆၀ ကျော်ကြာ မြန်မာအစိုးရအဆက်ဆက်က ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်နှင့် စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုအတွက် လက်နက်ကိုင်တော်လှန်နေကြသည့် တိုင်းရင်းသားအဖွဲ့အစည်းများကို နိုင်ငံရေးဆွေးနွေးရန် ငြင်းဆန်နေဆဲဖြစ်သည်။

သြဂုတ် ၁၈ ရက်နေ့တွင် မြန်မာအစိုးရသစ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်လိုက်သည်။

သို့သော် ပင်လုံစာချုပ်အားထည့်သွင်းစဉ်းစားထားခြင်းမပါဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းသာ ဆွေးနွေးရမည်ဟု ဆိုသည့် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အား UNFC ၏ လက်ရှိ ဥက္ကဌ တာဝန်ယူထားသည့် KIO အဖွဲ့က ပယ်ချထားသည်။

0 comments:

Post a Comment