Saturday, December 12, 2015

ဗန်းမော်ခရိုင် KIA တပ်ရင်း(၁) နယ်မြေတွင် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်ပွား


ကချင်ပြည်နယ်တောင်ပိုင်း ဗန်းမော်ခရိုင် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း(၁) နယ်မြေတွင် မြန်မာအစိုးရတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း KIA ကဆိုသည်။

တိုက်ပွဲသည် ကြာသပတေးနေ့ ညနေပိုင်းမှ စတင်ဖြစ်ပွားပြီး ယမန်နေ့ နေ့လည်ထိ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု တိုက်ပွဲသံကြားရသူများ KNG ကချင်သတင်းဌာန ကို ပြောပါသည်။

မန်ဂျေ (မံစီ)မြို့ အရှေ့တောင်ဘက် KIA တပ်ရင်း(၁)မှ ‘မ၀င်ရ’ ဟု ကန့်သတ်ထားသောနယ်မြေသို့ ကျူးကျော်ဝင်လာသော အစိုးရတပ်များကို KIA က ဟန့်တားပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားလာသည်။ အနီးရှိ KIA တပ်ရင်း(၁) Pa Daw Bum စခန်းကို အစိုးရတပ်က ယင်းနေ့ ညနေပိုင်းမှ နောက်တနေ့ နံနက်ပိုင်းထိ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း KIA သတင်းရပ်ကွက်က ဆိုသည်။

အင်မောက်(မိုးမောက်) မြို့နယ်ရှိ အခြား KIA တပ်စခန်းများသည်လည်း အစိုးရ ရှေ့တန်းစခန်းများ၏ အမြဲလိုလို လက်နက်ကြီးများဖြင့် ရန်ရှာပစ်ခတ်မှု ခံနေရကြောင်း KNG ကချင်သတင်းဌာန လေ့လာသိရှိရသည်။

နိုဝင်ဘာ (၈)ရက် ရွေးကောက်ပွဲ ပြီးနောက် တပတ်အကြာ အစိုးရတပ်က မိုးညှင်းမြို့အနီး အသစ်တိုးချဲ့ဖွဲ့စည်းသော KIA တပ်မဟာ(၈) ဌာနချုပ်ကို မြေပြင်ထိုးစစ်အပြင် အကြီးမားဆုံးလေကြောင်းစစ်ဆင်ရေး ဆင်နွှဲပြီး တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

0 comments:

Post a Comment