Thursday, January 14, 2016

လူထုမှ ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘိန်းခင်းများ စတင် ဖျက်ဆီးနေ

လူထု ဘိန်းခင်းဖျက်စီးရေးအဖွဲ့၊ ဟူးကောင်းချိုင့်ဝှမ်း၊ ကချင်ပြည်နယ်

ဇန်န၀ါရီ ၁၂ရက်နေ့မှစပြီး ကချင်ပြည်နယ်အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းဒေသမှာ ဘိန်းခင်းများ ဖျက်ဆီးခြင်းကို အစိုးရမဟုတ်သော ပြည်သူလူထုဘက်မှ လုပ်ဆောင်နေပါသည်။

ယင်းလူထုဘိန်းခင်းဖျက်ဆီးရေးအဖွဲ့တွင် တနိုင်း၊ လီဒိုလမ်းမ တစ်လျှောက်၊ မိုးကောင်း၊ ဟိုပင်၊ မိုးညှင်း၊ ဖားကန့်နှင့် မြစ်ကြီးနားမြို့နယ်များမှ လူအင်အား ၅၀၀ ကျော်ပါဝင်သည်။ ၄င်းတို့သည် အဖွဲ့ငယ်(၈)ဖွဲ့ခွဲပြီး ဘိန်းခင်းဖျက်ဆီးနေကြောင်း သိရသည်။

ဟူးကောင်း ချိုင့်ဝှမ်း ရွှေမှော်ကြီးနှင့် ပယင်းမှော်ကြီးများတွင် နိုင်ငံတစ်ဝှမ်းမှ လူဦးရေ သောင်းပေါင်းများစွာ လာရောက်တူးဖော်နေထိုင်ကြပြီး မှုးယစ်ဆေးဝါးဈေးကွက်ကြီး တစ်ခုလည်းဖြစ်သည်။ ဟူးကောင်းချိုင့်ဝှမ်းသည် ကချင်ပြည်နယ်တွင် ဘိန်း ဒုတိယအများဆုံးစိုက်ပျိုးသောဒေသဖြစ်သည်။

ယခု ဘိန်းခင်းများ ဖူးပွင့်လာနေချိန် လူထု၏ဘိန်းဖျက်ဆီးရေးအစီအစဉ် စတင်လိုက်ခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) အစိုးရနယ်ကြားစောင့်တပ် ထိန်းချုပ်သော ၀ိုင်းမော်မြို့နယ်၊ ကန်ပိုင်တီဒေသသည် ဘိန်းအများဆုံးစိုက်ပျိုးသောဒေသဖြစ်သည်။ ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်ဘက်တွင်လည်း ဘိန်းခင်းများ တစ်နှစ်ထက်တစ်နှစ် တိုးလာနေကြောင်းသိရသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တို့၌ အဓိကတာဝန်ရှိသော်လည်း ၄င်းတို့လုပ်ဆောင်နေခြင်း ထိရောက်မှုမရှိသောကြောင့်၊ ၂၀၁၄ မှစပြီး ကချင်လူထုက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်များကို သီးခြား လုပ်ဆောင်လာခြင်းဖြစ်သည်။


0 comments:

Post a Comment