Thursday, December 10, 2015

မြစ်ကြီးနား-ဗန်းမော် လမ်း တလျှောက် အစိုးရတပ် အလုံးအရင်း မြင်ရ



ယမန်နေ့မှ ထူးထူးခြာခြား ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမတလျှောက်တွင် အစိုးရတပ် အင်အား အလုံးအရင်းချထားသည်ကို မြင်ရကြောင်း ခရီးသည်များဆိုပါသည်။

ဂျာပူး (Ja Pu) မှ ဗန်းမော်မြို့ထိ ကားလမ်းမတလျှောက်တွင် အစိုးရစစ်သားများကို ဖြန့်ကြက် ချထားခြင်းဖြစ်သည်ဟု ခရီးသည်များ ပြောသည်။

စစ်သားများက ခရီးသည်ကားများကို ဟန့်တားပြီး “ရှေ့ဆက် ခရီးသွားခြင်း မပြုနဲ့၊ ဖောက်ခွဲပစ်မယ်” ဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုလည်းပြုလုပ်သည်ဟု ယမန်နေ့ ဗန်းမော်မှ ၀ိုင်းမော်သို့ ပြန်လာသော ခရီးသည်များမှ သိရသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) လိုင်ဇာ ဗဟိုဌာနချုပ် သတင်းနှင့်ပြန်ကြားရေးဌာန အရာရှိ ဒု-ဗိုလ်မှူးကြီး နော်ဘူ က “ဗန်းမော် လမ်းဘက် အစိုးရစစ်အင်အား အလုံးအရင်း တိုးချဲ့ချထားခြင်း မှန်ကန်ကြောင်း အတည်ပြုသော်လည်း မည့်သည့်ရည်ရွယ်ချက်ဖြစ်ကြောင်းကို မသိရသေး” ဟု ကချင်သတင်းဌာန KNG ကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ(၄) နယ်မြေ မုန်ဘော် (Mung Baw)၊ မုန်းယာ (Mong Ya)နှင့် မုန်းဆီး (Mung Ji) ဒေသများတွင် အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားသော ရှမ်းပြည်တပ်မတော်-တောင်ပိုင်း RCSS/SSA တပ်များ ထူးထူးခြားခြား ၀င်ရောက်လာချိန် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာနှင့်ဆက်သွယ်သော ဗန်းမော်လမ်း တလျှောက်တွင်လည်း အစိုးရတပ် တိုး၍ ချထားလာခြင်းဖြစ်သည်။


0 comments:

Post a Comment