Tuesday, December 1, 2015

ဖားကန့် Ja Ra Yang တိုက်ပွဲမှာ KIA ဗိုလ် ၂ ဦး ကျ



ယမန်နေ့ ဖားကန့်ကျောက်စိမ်းမှော် Ja Ra Yang ကျေးရွာအနီး မြန်မာအစိုးရတပ်နှင့်ဖြစ်ပွားသော တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဗိုလ် ၂ ဦး ကျဆုံးကြောင်း KIA လိုင်ဇာ ဗဟိုဌာနချုပ်က အတည်ပြုပါသည်။

အစိုးရတပ်များ KIA တပ်ရင်း(၆) ရှေ့တန်းစခန်းတခုသို့ စစ်ဆင်ဝင်ရောက်လာစဉ် မိနစ် ၁၀ ကျော် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA စစ်ဗိုလ် ၂ဦး ကျဆုံးပြီး ၎င်းတို့သည် MHH ပြည်သူ့စစ်တပ်ဖွဲ့မှ ဖြစ်သည်ဟု လိုင်ဇာမှ တာဝန်ရှိသူ ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။

ကျဆုံးသွားသော KIA ဗိုလ် ၂ဦးတွင် တဦးသည် ဗိုလ် အဆင့်နှင့် နောက်တဦးသည် ဗိုလ်ကြီး အဆင့်ရှိပြီး ၎င်းတို့ရှိရာသို့ နက်လက်ကြီးကျည် တလုံး ကျရောက်ပေါက်ကွဲ ကာ သေဆုံးသွားခြင်းဖြစ်သည် ဟု ဖားကန့်ဒေသခံများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

အစိုးရတပ်ဖက်မှ သေဆုံးထိခိုက်မှုသတင်း မသိရပါ။

ယင်း အစိုးရတပ်သည် တပ်အပြောင်းအလဲဖြင့် ဖားကန့်သို့ ရောက်လာချိန် KIA တပ်ရင်း(၆)နှင့် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး ၎င်းတို့သည် တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်(ရပခ) လက်အောက် ဖယ်ခုံ နယ်မြေခံ တပ်ရင်း ခမရ ၄၂၁ ဖြစ်ကြောင်း ဒေသခံများဆိုပါသည်။

အချိန်တိုတိုက်ပွဲဖြစ်ပွားပြီး အစိုးရတပ်ဖက် နောက်ဆုတ်သွားခြင်းကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားခြင်း မရှိကြောင်းသိရသည်။

ယခုချိန်ထိ KIA တပ်ရင်း(၆)မှ အစိုးရတပ်များကို လက်စားချေတိုက်ခိုက်ရန် အစီစဉ်မရှိသော်လည်း ၎င်းတို့ စခန်းများရှိရာသို့ ၀င်ရောက်လာပါက ခုခံတိုက်ခိုက်သွားမည်ဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောပါသည်။

မြန်မာအစိုးရတပ်သည် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ် မရေးထိုးသေးသော KIA ကို နိုဝင်ဘာ (၈)ရက် ရွေးကောက်ပွဲပြီးနောက် မိုးညှင်းမြို့နယ်အတွင်း ကုန်းကြောင်း၊ လေကြောင်းမှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ကာ အသစ်ဖွဲ့စည်းသော KIA တပ်မဟာ(၈) ဌာနချုပ် စခန်းကိုလည်း သိမ်းပိုက်ခဲ့သည်။


0 comments:

Post a Comment