Wednesday, August 19, 2015

တာချီလိတ်မြိုခံ အမျိုးသမီးတဦး သေဆုံးမှု အမှုမှန် မဖော်ထုတ်နိုင်သေး


 ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ-တာချီလိတ် ကားလမ်းပေါ် အသတ်ခံရဖွယ် သေဆုံးနေသော အမျိုးသမီး တစ်ဦး၏ အမှုကို သက်ဆိုင်ရာအစိုးရ ရဲတပ်ဖွဲ့နှင့် တရားရုံးတို့မှ အမှုမှန် ဖော်ထုတ်ခြင်း မရှိသေးကြောင်း သိရသည်။

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက် (ကချင်ရွာ)မှ မြေကွက်အရောင်းအ၀ယ် ပွဲစားလုပ်ကိုင်နေသော အသက် ၃၂ နှစ်အရွယ် မခေါ်ရမ် သေဆုံးမှုကို ကျိုင်းတုံမြို့နယ် ရဲစခန်းနှင့် တရားရုံးတို့က မော်တော်ယာဉ် မတော်တဆ ဖြစ်မှုကြောင့်ဟုဆိုကာ အရေးတယူမလုပ်သောကြောင့် သေဆုံးသူ၏ဆွေမျိုးများက မကျေမနပ် ဖြစ်နေကြ သည်။

ပြီးခဲ့သည့် ဇူလိုင် ၆ ရက်နေ့ ညနေ ၆ နာရီခန့် မိုင်းလားမှ တာချီလိတ် နေအိမ်သို့အပြန် (၃၁) မိုင်နှင့် (၃၂) မိုင်ကြား တာကျောက် ပန်ထောင်းရွာ အနီး မခေါ်ရမ် စီးလာသည့် အနက်ရောင် Toyota Fortuner ကား (၇င/ ၇၇၁၈) သည် ချောက်ကမ်းပါးမှ ချောင်းထဲသို့ ထိုးကျကာ ကားလုံးဝ နှစ်မြုပ်သွားပြီး ချောင်းကမ်းပါး ကျောက်တုံးပေါ် မခေါ်ရမ်၏အလောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားခဲ့ပြီး ၁ နာရီကျော်အကြာ ကျိုင်းတုံမှ ယာဉ်ထိန်းအရာရှိ ရဲအုပ် စောသန်းဦးတို့အဖွဲ့ ရောက်လာပြီး ကားမောင်းသူ ၀ဏ္ဏထွန်း (၄/ မမက(နိုင်)၁၇၇၆၆၀) ကို လူသေမှု ပုဒ်မ ၃၀၄ (က) စွဲချက်ဖြင့် ကျိုင်းတုံရဲစခန်းတွင် ဖမ်းဆီးထားခဲ့သည်။

ကားသည် ပေ ၁၄၀ ကျော်အကွာရှိ လမ်း ချောက်ကမ်းပါးအစပ်မှ ချောင်းထဲသို့ အရှိန်ဖြင့် ထိုးကျ နှစ်မြုပ်သွားသည်ဟုဆိုသော်လည်း တရားခံ ၀ဏ္ဏထွန်းသည် ထူထူးခြားခြား ၎င်း၏ကိုယ်ခန္ဓာတွင် မည်သည့် ထိခိုက်ဒဏ်ရာမျှ မတွေ့ရကြောင်း မျက်မြင်သက်သေများဆိုပါသည်။

သေဆုံးသူအလောင်းကို ကျိုင်းတုံဆေးရုံတွင် စစ်ဆေးချက်အရ ညာဘက် ဦးခေါင်းနောက်စေ့ ကြေမွနေသည့် ဒဏ်ရာတစ်ခုမှတပါး အခြား မည်သည့် ဒဏ်ရာမှမတွေ့ရကြောင်း သိရသည်။

ကျိုင်းတုံမြို့တရားရုံးတွင် လူသေမှုဖြင့် အမှုဖွင့်ထားသော ယာဉ်ထိန်းအရာရှိ ရဲအုပ် စောသန်းဦး အား ယခုလ သြဂုတ် ၁၀ ရက်နေ့ကပထမဆုံး မြို့နယ်တရားရုံးသို့ ဆင့်ခေါ်မေးမြန်းရာ အခင်းဖြစ်ပွါးသည့်နေရာတွေ့ရှိ ချက်နှင့်ပတ်သက်ပြီး မမှန်မကန် ထွက်ဆိုခဲ့သည်ဟုတရားလိုဘက်မှ ဆိုပါသည်။

ထို့ပြင် ကျိုင်းတုံမြို့နယ် ရဲစခန်း အရာရှိများနှင့်ပူးပေါင်း၍ ဆရာဝန် စစ်ဆေးတွေ့ရှိချက် ဆေးစာတစ်စောင်အား လိမ်လည်၍ တရားရုံးသို့တင်သွင်းခဲ့ကြောင်းလည်း သိရသည်ဟုဆိုသည်။

“အမှန် အခင်းဖြစ်ပွါးသည့်နေရာတွင် ကားသည် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ တခါထဲ ထိုးကျသွားသည့် မြင်ကွင်း မတွေ့ရဘဲ ကားကို ချောက်ကမ်းပါးပေါ် ရပ်ထားပြီး ရှေ့တိုးနောက်ဆုတ် (၃)ကြိမ်ပြုလုပ်ကာ ကားခေါင်းကို ချောက်ထဲသို့ဦးတည်ပြီး ဖြေးဖြေးချင်း ချလိုက်သည့် ကားဘီးရာများသာဖြစ်သည်” ဟု ယူဆကြောင်း တရားလိုဘက် ဆိုပါသည်။

တရားခံအဖြစ် အဖမ်းခံထားရသော ၀ဏ္ဏထွန်းသည် casino လောင်းကစားသမားဖြစ်ပြီး မခေါ်ရမ်နှင့် ပတ်သက်နေသူတဦးလည်းဖြစ်သည်။

တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းလားတလျှောက် casino လောင်းကစားလုပ်နေသည့် ဦးစိန်လွင် (၁/ ဗမန(နိုင်)၀၇၆၁၁၉)၊ ဦးမျိုးညွန့် (၂/ပဥလ(နိုင်)၀၀၂၂၅၅)နှင့် မမို့မို့ငြိမ်းတို့ အဖွဲ့တွင် ၀ဏ္ဏထွန်းလည်း ပါကြောင်း သိရသည်။

၎င်း လောင်းကစားအဖွဲ့က မခေါ်ရမ်မှ ရွှေ၊ ငွေ၊ ရတနာများ ထပ်မံသိမ်းပိုက်လိုခြင်းနှင့် ယခင် ချေးယူထားသော အကြွင်းများ မပေးနိုင်သောကြောင့် သူမကိုသတ်ရန် အစောပိုင်းက ပူးပေါင်းကြံစည်ထားသည့် အထောက်အထားများရှိပြီး ယခု အမှုတွင် လောင်းကစားခေါင်းဆောင် ဦးစိန်လွင်ကို မိသားစုဝင်များက မသင်္ကာဖြစ်နေခြင်းဖြစ်သည်။

မခေါ်ရမ် မသေဆုံးမီ တစ်ရက်အလို မိုင်းလားတွင်ရှိစဉ် သူမ တစ်ခုခုဖြစ်လာပါက ‘၀ဏ္ဏထွန်း ကြောင့်သာဖြစ်မယ်’ ဟု မိုင်းလားမှ သူမနှင့် ရင်းနှီးသူတစ်ဦးကို ပြောပြခဲ့ကြောင်းသိရသည်။

အဆိုပါအမှုကို သြဂုတ် ၂၀ တွင် တရားရုံးက တရားလိုဘက်ကို မေးမြန်းရန် ဆင့်ခေါ်ထားကြောင်းသိရသည်။


0 comments:

Post a Comment