Saturday, August 29, 2015

NCA အပြီးသတ်နိုင်ရေး ကြိုးပမ်းနေစဉ် အစိုးရတပ်မှ KIA စခန်း တစ်ခု ထပ်မံ သိမ်းပိုက်

အစိုးရ ထိုးစစ်ကြီးကို သေးငယ်သောအင်အားနဲ့ ခုခံနေရတဲ့ KIA စစ်သားများ

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် NCA အပြီးသတ်နိုင်ရေး မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြား ကြိုးပမ်းနေစဉ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA စခန်း တစ်ခုကို အစိုးရတပ် ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။


ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIA တပ်ရင်း(၇) Nkrung Tu Bum စခန်းကိုသုံးရက်ကြာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် ခိုက်တိုက်ပြီးနောက် သြဂုတ် ၂၆ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်ခဲ့ကြောင်း လိုင်ဇာ ဗဟိုဌာနချုပ် KIA အရာရှိများ ကချင်သတင်းဌာန KNG သို့ အတည်ပြုပြောဆိုပါသည်။

အစိုးရတပ် အင်အားအလုံးအရင်းနှင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုကို KIA ဘက် ဆက်လက်ခုခံရန် ခက်ခဲလာခြင်းကြောင့် ၎င်းစခန်းကို မေလိခချောင်း အရှေ့ဘက်သို့ ဆုတ်ခွာပေးလိုက်ရကြောင်း လိုင်ဇာ ဗဟိုဌာနချုပ်မှ အစိုးရနှင့် KIO ပူးတွဲမဏ္ဍိပက္ခဖြေရှင်းရေး ကော်မတီ အဖွဲ့ဝင် ဒု-ဗိုလ်မှူးကြီး နော်ဘို က ဆိုပါသည်။

တိုက်ပွဲဖြစ်ပွါးသောနေရာသို့ သြဂုတ် ၂၅ ရက်နေ့က မြစ်ကြီးနားဘက်မှ အစိုးရတပ် ဂျက်တိုက်လေယာဉ် ၂ စင်း လုံခြုံရေး အကာအကွယ်ပေးမှုအောက် ရဟတ်ယာဉ် ၁ စင်းဖြင့် ရိက္ခာများချပေးခဲ့ကြောင်း KIA အရာရှိများ ဆိုသည်။

မြစ်ကြီးနား-ပူတာအို မေလိခချောင်း ရေကြောင်းလမ်းပေါ် စစ်ရေး မဟာဗျူဟာအရ အရေးပါသည့် Nhkrung Tu Bum စခန်းသည် မေလိခချောင်း၏ အနောက်ဘက် လောဒ်မိုင်ယန်ရွာအနီး၊ ပြီးခဲ့သည့် ဇူလိုင်လက KIA တပ်ရင်း(၇)မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သော မလိယန်စခန်း၏ အရှေ့မြောက်ဘက် ၂ မိုင်ကျော် အကွာမှာ တည်ရှိပါသည်။

စစ်ရေး မဟာဗျူဟာအရ အရေးပါသော မလိယန်စခန်းသည် မေလိခချောင်းအရှေ့ဘက် KIA တပ်ရင်း(၇) နယ်မြေနှင့် အစိုးရထိန်းချုပ်သည့် ဆွမ်ပရာဘွမ်မြို့ကြား အဓိက ဆက်သွယ်ပေးသော လမ်းကြောင်းပေါ် တည်ရှိသည်။

အစိုးရက နိုင်ငံတော် စစ်ဆင်ရေး စီမံကိန်းကြီးဖြင့် တပ်ရင်း (၂၀) ခန့်မှ စစ်အင်အား ရာပေါင်းများစွာအပြင် ဂျက်တိုက်လေယာဉ်နှင့် လက်နက်ကြီးများ အသုံးပြုကာ မလိယန်ဒေသအတွင်း KIA တပ်မဟာ(၁) လက်အောက် တပ်ရင်း(၇) ကို ပြီးခဲ့သည့် ဇွန်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ယခုလို မြန်မာ့တပ်မတော်ဘက်က စစ်အင်အား အလွန်အကျွံအသုံးပြုပြီး ထိုးစစ်ဆင်တိုက်နေချိန် KIA ဘက်မှာ တပ်ရင်းအဆင့်ဖြင့်သာ ခုခံနေရသဖြင့် ရှေ့တန်းတပ်စခန်းများ နောက်ဆုတ်ပေးရသည်ဟု လိုင်ဇာ ဗဟိုဌာနချုပ်မှ KIA အရာရှိများ ဆိုပါသည်။

NCA စာချုပ် အပြီးသတ်နိုင်ရေး အထူးကြိုးပမ်းမှုအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ SD (၃)ဦးနှင့် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်(၅) ဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို လာမည့် စက်တင်ဘာ ၉ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံမည်ဖြစ်သည်။

အစိုးရနှင့် စစ်ရှိန်လျော့ချရန် သဘောတူထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO သည် NCA စာချုပ် အပြီးသတ် လက်မှတ်ရေးထိုးရာ၌ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံးပါဝင်ခြင်း မရှိလျှင် ၎င်းတို့ လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါသည်။


0 comments:

Post a Comment