Saturday, August 29, 2015

ုKIA တပ်မဟာ (၄) အား လက်နက်စွန့်ရန် ကာချုပ် ပြောကြားချက်ပေါ် ဒေသခံများ လက်မခံ


လွယ်ကန်၊ ယခင် KIA တပ်မဟာ (၄) ဌာနချုပ်၊ ရှမ်းပြည်မြောက်ပိုင်း
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ(၄)ကို လက်နက်စွန့်ရန် မြန်မာအစိုးရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားချက်ကို လက်မခံနိုင်ကြောင်း ဒေသခံပြည်သူများ ပြောပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ စာနယ်ဇင်းကော်မတီ (ယာယီ) မှ ဒု-ဥက္ကဌ ဦးခင်မောင်လေးနှင့် သြဂုတ် ၂၄ ရက်နေ့ နေပြည်တော် ဘုရင့်နောင်ဧည့်ရိပ်သာခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သြဂုတ် ၂၅ နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

“MNDAA နှင့်ဆက်စပ်ပြီး ၀ိုင်းဝန်းကူညီခဲ့ကြသူများဖြစ်သည့် TNLA နှင့် KIA တပ်မဟာ(၄)ဟု ၎င်းတို့ ခေါ်ဆို နေသူများမှာလည်း လက်နက်စွန့်ရမည်ဖြစ်ကြောင်း”

ထိုပြောကြားချက်အပေါ် ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်သူများက KIA တပ်မဟာ(၄)သည် မိခင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် သီးခြားစီ ခွဲထုတ်၍ မရသကဲ့သို့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ဒေသ နှစ်ခုရှိ ကချင်အမျိုးသားများကိုလည်း ခွဲထုတ်၍ မရကြောင်း သြဂုတ် ၂၇ ရက် ရက်စွဲဖြင့် ကြေငြာချက်ထုတ်ထားသည်။

“KIA တပ်မဟာ(၄)သည် ကချင်လွတ်မြောက်ရေးတပ်မတော်၏ လက်အောက်ခံ တပ်မဟာတစ်ခုဖြစ်ပါသည်။ ကေအိုင်အေ တပ်မဟာ(၄)ဒေသသည် ကချင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိပြီး ပြည်သူလူထုသည်လည်း သမိုင်းအစဉ်တစ်လျှောက် အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြသူများဖြစ်သည်၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့် ယုံကြည် ကိုးကွယ်မှု အဖွဲ့အစည်းများလည်း တစ်စည်းတစ်လုံးတည်း ရှိကြသူများဖြစ်ပါသည်” ဟုဖော်ပြထားသည်။

အဆိုပါ တုန့်ပြန်ကြေငြာချက်သည် ရှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ပါကာ၊ ဆင်လီ (သိန္နီ)၊ မုံကိုး၊ မူဆယ်နှင့် အခြားဒေသပေါင်းစုံမှ ရပ်မိရပ်ဖများ၊ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုအပြီး ထုတ်ပြန်ခြင်းဖြစ်သည်ဟု ၎င်းအစည်းအဝေးတွင် ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်သော ဆရာ ထွယ်အောင် က ပြောသည်။

ပြီးခဲ့သည့် ၁၇ နှစ် ငြိမ်းချမ်းရေး ကာလမှာလည်း သံလွင်မြစ်အရှေ့ဘက် ကိုးကန့် (MNDAA) ဒေသနှင့် နယ်နိမိတ်ချင်း ဆက်စပ်သည့် KIA တပ်မဟာ(၄) နယ်မြေမှ တပ်ဖွဲ့များ အားလုံး ကချင်ပြည်နယ်သို့ ဆုတ်ခွာပေးရန် အစိုးရတပ်မှ အကြိမ်ကြိမ် ဖိအားပေးခဲ့သည်။

သို့သော်လည်း KIA ဘက်က ငြင်းဆန်ထားဆဲ ဖြစ်သည်။

၂၀၁၁ ခုနှစ် အစိုးရနှင့် KIO တိုက်ပွဲပြန်လည် ဖြစ်ပွါးလာချိန် KIA တပ်မဟာ(၄) ဌာနချုပ် လွယ်ကန်အား အစိုးရတပ်မှ သိမ်းပိုက်ခဲ့ပြီးနောက် တပ်မဟာ(၄) ဌာနချုပ်ကို ကချင်ပြည်နယ် မိုင်ဂျာယန်သို့ ပြောင်းရွှေ့ခဲ့ သော်လည်း ၎င်းအောက် တပ်ဖွဲ့ဝင်များ ရှမ်းပြည်မြောက်ပိုင်းမှာ ဆက်လက် လှုပ်ရှားနေဆဲ ဖြစ်သည်။

နိုင်ငံရေး ဆွေးနွေးခြင်း မရှိဘဲ ယခု ထပ်မံ၍ KIA တပ်မဟာ(၄) နက်လက် စွန့်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်သည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA ချုပ်ဆိုရေးကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားသည်။

NCA စာချုပ် ချုပ်ဆိုရာ၌ အစိုးရက တိုင်းရင်းသား နက်လက်ကိုင် တော်လှန်ရေးအဖွဲ့ အချို့ကို ချန်ထားပြီး အဓိကအဖွဲ့(၁၅) ဖွဲ့နှင့် လက်မှတ်ထိုးရန် လိုလားနေသော်လည်း KIO က အားလုံးပါဝင်မှ လက်မှတ်ထိုးရန် ကြေညာချက် ထုတ်ပြန်ထားသည်။


0 comments:

Post a Comment