Wednesday, December 17, 2014

NCCT နှင့် အစိုးရ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးမူကြမ်းဆွေးနွေးမှု ဒီဇင်ဘာလအတွင်း သတ်မှတ်

NCCT ကိုယ်စားလှယ်အဖွဲ့က အစိုးရ MPC အဖွဲ့နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံနေပုံ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် လာမည့် ဒီဇင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်များတွင် တွေ့ဆုံဆွေးနွေးရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) ဒုတိယ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦးပါ ကိုယ်စားလှယ်တို့ သွားရောက်ရန် ဒီဇင်ဘာလ ၁၆ ရက်တွင် ဆုံးဖြတ်ခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“အခုသွားတဲ့ ခရီးစဉ် လုပ်ငန်းညှိနှိုင်းတဲ့ အစည်းအဝေးဖြစ်တယ်။ ရလဒ်က NCA ဆက်လက် ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့် ယုံကြည်မှု ပြန်လည် တည်ဆောက်ဖို့၊ ပြင်ဆင်မှု လုပ်ဖို့ ပဏာမ သွားညှိတာ ဖြစ်တယ်။ ပြီးတော့မှ ဒီမူကြမ်းကို ဆွေးနွေးမယ်” ဟု သူက ပြောသည်။

NCCT ဆွေးနွေးမှုတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းကို သုံးသပ်ခဲ့ကြပြီး ရန်ကုန်မြို့တွင် တွေ့ဆုံ ဆွေးနွေးမှုကို “လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” ဟု သတ်မှတ်သော ဆွေးနွေးပွဲတွင် ယုံကြည်မှု တည်ဆောက်ပြီး နောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်းကို ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။

UPWC နှင့် NCCT တို့ ယခုနှစ်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီ လက်မှတ် ရေးထိုးနိုင်တော့မည် မဟုတ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။ လာမည့် ဒီဇင်ဘာလ ၂၀ ရက်တွင် NCCT ကိုယ်စားလှယ်များသည် ရန်ကုန်မြို့သို့ သွားရောက်မည် ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်က အစိုးရ စစ်တပ်က ပစ်ခတ်ခဲ့သဖြင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဗိုလ်လောင်းသင်တန်းကျောင်းသား ၂၃ ဦးသေဆုံးမှုအပေါ် ဖြေရှင်းပေးရန် အပါအဝင် အချက် ၅ ချက်ကို ဒီဇင်ဘာလ ၂ ရက်က NCCT ဘက်မှ မေးမြန်းမှုကို UPWC ဘက်မှ ဖြေကြားခဲ့သော်လည်း အချက်တစ်ချို့ကို ကျေနပ်မှုမရသေးသဖြင့် ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် ဆက်လက် ဆွေးနွေးသွားရန် သဘောတူခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလက UPWC နှင့် NCCT ဆဋ္ဌမကြိမ်ထိ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့နှင့် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

ဒီဇင်ဘာလ ၁၅ ရက်က UPWC ၏ မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုကော်မတီ (MPC) အလုပ်အဖွဲ့နှင့် NCCT တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး လာမည့် ခရစ္စမတ်မတိုင်မီ ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။



0 comments:

Post a Comment