Monday, December 22, 2014

မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဆန္ဒဖော်ထုတ်

ကချင်အသင်းတော်များ ဦးဆောင်၍ မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါး ဆန့်ကျင် ဆန္ဒပြနေစဉ်။

ကချင်ပြည်နယ် မိုးညှင်းမြို့တွင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ဦးဆောင်၍ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးအတွက် ဒီဇင်ဘာလ ၂၀ ရက် နံနက် ၁၀ နာရီမှ ၂ နာရီထိ ဆန္ဒဖော်ထုတ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်ကော်မတီဝင် ဦးဆိုင်းနော် က ပြောသည်။

မိုးညှင်းဒေသ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ဦးဆောင်၍ ဒေသခံ လူမျိုးပေါင်းစုံနှင့် တက္ကသိုလ် ကျောင်းသားများ အပါအဝင် လူထု ၃၀၀ ကျော်သည် မိုးညှင်းမြို့ အောင်သပြေရပ်ကွက် စိန်ပတ်ထရစ် ဘုရားကျောင်းမှ မိုးညှင်းမြို့တစ်ပတ်ပတ်ကာ လွတ်လပ်သော တိုင်းရင်းခရစ်ယာန်ကျောင်းတွင် အဆုံးသတ်ခဲ့ကြသည်ဟု သူက ပြောသည်။

“ကျနော်တို့ ဒီမနက် ဘာသာရေးဂိုဏ်းပေါင်းစုံက ခေါင်းဆောင်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဒေသခံ တိုင်းရင်းသား ပေါင်းစုံကလူတွေ ၃၀၀ ကျော် ပါဝင်ကြပါတယ်။ ကျနော်တို့ဆိုင်းဘုတ်ဗီနှိုင်းတွေ၊ ကြွေးကြော်သံတွေနဲ့ ဆောင်ရွက်ခဲ့တာပါ” ဟု ဦးဆိုင်းနော် က ပြောသည်။

“ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင် တိုက်ဖျက်ကြ” ၊ “လူထုအင်အားဖြင့် လက်တွဲပြီး ညီညီညာညာ စုပေါင်းတိုက်ဖျက်ကြ” ၊ “ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အားဖြင့်တွန်းလှန်တိုက်ဖျက်ကြ” ဟူသော အချက် သုံးချက်ကို ကြွေးကြော်ခဲ့ပြီး ဗီနှိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြသည်ဟု သူက ဆိုသည်။

မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် လူထုအားလုံး ပူပေါင်း၍ မူးယစ်ဆေးဝါးအန္တရယ် ကာကွယ် တားဆီးရန်နှင့် မြန်မာအစိုးရ အာဏာပိုင်များမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍အရေးယူ ဆောင်ရွက်မှုတွင် အားနည်းနေသဖြင့် တွန်းအားပေးခြင်း ဖြစ်သည်ဟု ဦးဆိုင်းနော် က ပြောသည်။

“ကျနော်တို့ ရပ်ကွက် လူထုကြားထဲမှာ အမြင်ဖွင့်တာတွေ လုပ်ပြီးပြီ။ အခုဒီတစ်ခါက ဆန္ဒဖော်ထုတ်တယ်ဆိုတာက ပြည်သူလူထု အားလုံး ဒီမူးယစ်ဆေးဝါး အန္တရယ်ကိုကာကွယ်တားဆီးဖို့ ရွည်ရွယ်ချက်လည်း ပါပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကလည်း မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အရေးယူဆောင်ရွက်တဲ့အခါမှာ ထိထိရောက်ရောက်အရေးယူဆောင်ရွက်ခြင်း မရှိတဲ့အတွက် အားနည်းချက်တွေရှိတဲ့အတွက် တွန်းအားပေးတဲ့သဘောလည်း ပါပါတယ်” ဟု ပြောသည်။

မိုးညှင်းမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ များပြားလာခြင်းနှင့် မူးယစ်ဆေးသုံးစွဲသူ လူငယ်များ ပျေက်ဆီးနေမှုများ ပိုမိုတွေ့မြင်လာသဖြင့် မူးယစ်ဆေးဝါး အန္တရာယ်အားသိမြင်လာစေရန် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်းလည်း ဖြစ်သည်ဟု သူက ဆိုသည်။

၂၀၁၄ ခုနှစ်ဆန်းက ဘာသာရေးဂိုဏ်းပေါင်းစုံ ခေါင်းဆောင်များ၊ တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် ဒေသခံ လူမျိုးပေါင်းစုံပါဝင်သော မိုးညှင်းဒေသမူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ မူးယစ်ဆေးဝါး ပညာပေးမှုများ လုပ်ဆောင်ခဲ့ပြီး လာမည့် ၂၀၁၅ ခုနှစ်ဆန်းတွင် ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်း၍အရေးယူဆောင်ရွက်မှုတွင် ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု သူက ပြောသည်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆန္ဒဖော်ထုတ်မှုတွင် သက်ဆိုင်ရာ အာဏာပိုင်များ၏ အဟန့်အတားများ မရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်က ကချင်ပြည်နယ် ဖားကန့်မြို့တွင်လည်း ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံနှင့် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ဦးဆောင်၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လူထုဆန္ဒထုတ်ဖော်ပွဲ ကျင်းပခဲ့သည်။


0 comments:

Post a Comment