Thursday, December 25, 2014

ကချင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှုကို အစိုးရတပ်ဂိတ် ပိတ်ပင်


ကချင်စစ်ပြေးဒုက္ခသည်များအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က လှူဒါန်းမည့် ပစ္စည်းများကို အစိုးရ၏ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဂိတ်မှ ညွန်ကြားရေးမှူး ဗိုလ်မှူး တင်ရဲဝင်းက ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု မူဆယ်မြို့ မုန်မောင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဦးဇော်ရာက ပြောသည်။

KBC က ပုံမှန်အားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ မန်ဝင်းကြီး၊ နမ်ဖတ်ကာ၊ မုန်ဂျီ အပါအဝင် ဒုက္ခသည် စခန်း ၁၅ ခုမှ စစ်ပြေးဒုက္ခသည်များအတွက် မန္တလေးဘက်မှ အဝတ်အထည်နှင့် စောင်များကို သယ်ဆောင်လာရာမှ မူဆယ် (၁၀၅) မိုင်ဂိတ်တွင် ဖြတ်သန်းမှု တားမြတ်ထားခြင်း ဖြစ်သည်။ ရှမ်းပြည်နယ် ပြည်နယ် ဝန်ကြီးချုပ်၏ လက်မှတ်ပါဝင်မှ ဖြတ်သန်းခွင့်ပေးမည်ဟု ဗိုလ်မှူး တင်ရဲဝင်းက ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“ကျနော်တို့က ဒုက္ခသည်တွေအတွက် စောင်တွေ အရေးပေါ် သွားပို့ဖို့ ရှိတယ်။ အရေးပေါ်ဆိုရင် ထောက်ခံစာက သွားမယူနိုင်တော့ဘူး။ ကျနော်တို့ ကေဘီစီရုံးရဲ့ ထောက်ခံစာလည်း သူ့ကို ပေးထားပြီးပြီ။ အခုလည်း ထောက်ခံစာဘဲ တောင်းနေတော့ အခက်အခဲ ဖြစ်နေတာပါ” ဟု သူက ဆက်ပြောသည်။

KBC ဗဟိုနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံစာများ ပြသော်လည်း သူက “အရင်က ဘာမှ မလိုဘူး လို့ ပြောတော့ အရင်တုန်းကကိစ္စ ပြီးသွားပြီ ဘာမှ မဆိုင်ဘူး။ အခု ငါ့အလှည့် ငါ့လက်ထက်မှာ လိုတယ်ဆိုပြီးတော့ ပြောတယ်” ဟု ဆရာတော် ဦးဇော်ရာက ပြောသည်။

ဗိုလ်မှူး တင်ရဲဝင်းသည် ၁၀၅ မိုင်ဂိတ်သို့ ပြောင်းရွှေ့လာသည်မှာ တစ်လကျော်ရှိပြီ ဖြစ်ကြောင်း သူက ဆိုသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက အထောက်အပံ့ပစ္စည်းများ သယ်လာသော ကားကြီး နှစ်စီးကိုလည်း ၁၀၅ မိုင်ဂိတ်တွင် ၁၀ ရက်ခန့်ကြာ ဖြတ်သန်းခွင့် မရခဲ့သဖြင့် ကားတစ်စီးလျှင် ကျပ် ၂ သိန်းပေး၍ ဖြတ်သန်းခဲ့ရသည်ဟု သိရသည်။

ကုလသမဂ္ဂ အကူအညီများ မရတော့သဖြင့် KBC မှ ကြိုးစားထောက်ပံ့နေချိန်ယခုကဲ့သို့ ဖြတ်သန်းခွင့်မရှိပါက ဒုက္ခသည်များအတွက် အခက်အခဲများ ဖြစ်လာနိုင်သည်ဟု သူက ပြောသည်။

 “UN က အကူအညီတွေ မရတော့ဘူးဆိုလို့ ကျနော်တို့ဘက်က တတ်နိုင်သလောက်ပို့ဖို့ ကြိုးစားနေတာ။ သူက ကျနော်တို့ သွားကူညီတာကို ခုလို အနှောက်အယှက်ပေးသလို ဖြစ်တော့ ကျနော်တို့လည်း စိတ်ညစ်လာတယ်။ ကျနော်တို့ ကေဘီစီအတွင်းရေးမှူးလည်း နိုင်ငံခြားသွားနေလို့ သူပြန်လာမှ ပြန်ညှိနှိုင်းမယ်” ဟု ဆရာ ဦးဇော်ရာက ပြောသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သဖြင့် စစ်ပြေးဒုက္ခသည်များအတွက် စားနပ်ရိက္ခနှင့် အဝတ်အထည်များ ပို့ဆောင်ခွင့် မရခဲ့သည်မှာ နှစ်လခန့် ကြာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်း ဆောင်ရွက်ရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၆ ရက်က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစတင်၍ ကမ္ဘာ့ ကုလသမဂ္ဂ အကူညီများ မရတော့သဖြင့် စစ်ပြေးဒုက္ခသည်များ အတွက် အရေးပေါ်အကူအညီပေးနိုင်ရန် ဒေသတွင်း KBC အပါအဝင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ အကူအညီများသာ ရရှိနေသဖြင့် လတ်တလော အခက်အခဲ မရှိသေးကြောင်း KIO မှ စစ်ပြေးဒုက္ခသည်များ ကူညီရေးကော်မတီ၏ တာဝန်ခံ ဦးဒွဲပီဆာက ပြောသည်။


0 comments:

Post a Comment