Tuesday, April 22, 2014

KIA တပ်ဖွဲ့ဝင် ၃၁ တွဲကို လက်ထပ် ထိမ်းမြားပေး

ဗဟိုဌာနချုပ် လိုင်ဇာအနီး Woichyai Bum တွင် အခုလို KIO အဖွဲ့ဝင် ၃၁ တွဲ လက်ထပ်ပွဲ ပြုလုပ်နေပုံ

မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကြား စစ်ရေးတင်းမာနေချိန်ဖြစ်သော်လည်း ဗဟိုဌာနချုပ် လိုင်ဇာမြို့ ရှေ့တန်း လုံခြုံရေးတပ်ဖွဲ့မှ KIA အမှုထမ်း စုံတွဲ ၃၁ တွဲကို ဧပြီလ ၂၂ ရက်နေ့က ဝေကြိုင်ဘွမ်တွင် ထိမ်းမြားလက်ထက်ပွဲကြီး ပြုလုပ်ခဲ့သည်။

အဆိုပါ စုံတွဲများကို ဗဟိုဌာနချုပ်လုံခြုံရေးတပ်ဖွဲ့မှူး ဒုဗိုလ်မှူးကြီးဇော်ဒွဲဦးဆောင်၍ပြုလုပ်ပေးခြင်းဖြစ်ပြီး KIA ၎င်း ဗဟိုဌာနချုပ်လုံခြုံရေးတပ်ဖွဲ့ နယ်မြေတွင် ပထမကြိမ် ထိမ်းမြားလက်ထက်ပေးခြင်းဖြစ်သည်။

အဆိုပါ အစီစဉ်တွင် ကချင်နှစ်ခြင်းခရစ်ယာန်မှ စုံတွဲ ၂၇ တွဲအား ထိမ်းမြားပေးပြီး ရိုမန်ကတ်သလစ်ဘာသာမှ ၃ တွဲ ထိမ်းမြားပေးကာ သီးသန့် ၁ တွဲ ကို တရားရုံးတွင်လက်မှတ်ထိုး၍ စုပေါင်း ၃၁ တွဲအား တစ်ချိန်တည်း ထိမ်းမြားလက်ထက်ပေးခြင်းဖြစ်သည်ဟု ဒုဗိုလ်မှူးကြီးဇော်ဒွဲ KNG ကချင်သတင်းဌာန သို့ပြောသည်။

“အရမ်းဝမ်းသာတယ် ဘာဖြစ်လို့လဲဆိုတော့ အရမ်းခက်ခဲတဲ့ကျနော်တို့ KIA အမှုထမ်းတွေအတွက် အခုလိုပွဲ ဖြစ်မြောက်လာလို့ မပြောပြတတ်လောက်အောင်ခံစားနေရတယ်။ ကျနော်အခုကြိမ်နဲ့ဆို ၃ ကြိမ်မြောက်ရှိပြီ KIA တပ်ရင်း ၃၊ တပ်ရင်း ၆ ဒီနေ့ဗဟိုဌာနချုပ် KIA ရှေ့တန်းလုံခြုံရေးတပ်မဟာမှာ ၃၁ တွဲကို လုပ်ပေးနိုင်တဲ့ အတွက် ကျနော့်အနေနဲ့ အရမ်းပျော်တယ် ဒီနေ့ဘုရားသခင်ရှေ့၊ လူများရှေ့ KIO အစိုးရရှေ့မှာ တရားမဝင်တဲ့ အိမ်ထောင်တွေ အရမ်းများတဲ့အတွက် တပ်အတွင်းမှာ မသန့်ရှင်းတာတွေ မဖြစ်စေချင်ဘူး သန့်သန့်ရှင်းရှင်းနဲ့ အမှုထမ်းစေချင်လို့ အခုလိုလုပ်ခြင်းဖြစ်တယ်” ဟုဆိုသည်။

ထိုလက်ထပ်ထိမ်းမြားသောစုံတွဲများသည် အကြောင်းအမျိုးမျိုးကြောင့် လက်ထက်ခြင်းမပြုပဲ အတူနေထိုင်ခဲ့ပြီး ကလေးများရရှိနေပြီဖြစ်သော်လည်း ယခုမှ ဘုရားသခင် ရှေ့လူရှေ့တွင် ကတိသစ္စာယူ တရားဝင်ထိမ်းမြား လက်ထက်ခြင်းဖြစ်သည်ဟု ပြောသည်။

လိုင်ဇာအလဲန်ဘွမ် (Alen Bum) ဂေါ်ရ်ခါးတပ်မှ လက်ထပ်ထိမ်းမြားခဲ့သော မရစ်လအောင် (Marip La Awng) စုံတွဲက “ပြီးခဲ့တဲ့တိုက်ပွဲမှာ ခြေထောက်မှာဒဏ်ရာရတော့ အရမ်းစိတ်အားငယ်တယ် ကျနော့်ဘဝမှာ မိဘဆွေမျိုးလည်း မရှိတော့ဘူး ဆိုတော့ ဒီလိုလက်ထပ်ပွဲလုပ်နိုင်မယ်လို့ မမျှော်လင့်ခဲ့ဘူး ဒါမဲ့ ဘုရားသခင်ကျေးဇူးတော်ကြောင့် အခုလို ဘုရားသခင် ရှေ့မှာ တရားဝင်ထိမ်းမြားခြင်းကိုလုပ်နိုင်တဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်တယ် လုပ်ပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်တယ်” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။

နောက် ဂေါ်ရ်ခါးတပ်မှ လဘန်ရှန်းကလည်း“ကလေး ၁ ဦးရှိပြီ အခုမှ ဘုရားသခင်ရှေ့မှာ တရားဝင်ထိမ်းမြား လက်ထက် ရတဲ့အတွက် အရမ်းပဲပျော်ပါတယ်” ဟု ပြောသည်။

ထိုသို့ ခက်ခဲမှုများနှင့် တင်းမာမှုများရှိတဲ့ကြားက လက်ထပ်ထိမ်းမြားခြင်းကို ပြုလုပ်ပေးနိုင်သောကြောင့် ၀မ်းသာအားရဖြစ်ရကြောင်း ပါဂျောင်ဂျန်မိုင် စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလုံနေသော အင်ပွန်အသင်းတော်မှ KBC နှစ်ခြင်းခရစ်ယာန်မှ သိက္ခာတော်ရ လမာဂွမ်ဂျက် KNG ကချင်သတင်းဌာန သို့ပြောသည်။

“အခုလိုလုပ်တာဟာ ဘုရားသခင်ရှေ့မှာ ကောင်းတဲ့အရာ တခုဖြစ်တယ် ဘုရားသခင်နှုတ်ကပတ်တော် ရှိတဲ့အတိုင်း အိမ်ထောင်ပြုတယ်ဆိုတာ ဘုရားသခင်ရှေ့မှာ ကောင်းတဲ့အရာဖြစ်တယ် ဒီနေ့ခက်ခဲမှုများနဲ့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေတဲ့သူတွေ သူတို့လုပ်ချင်ပေမဲ့ မလုပ်နိုင်ဘူး ဒါမဲ့တာဝန်ရှိအရာရှိတွေက အသင်းတော်နှင့်အတူ အခုလိုလုပ်ပေးတဲ့အတွက် အရမ်းပျော်ရွှေမိတယ်။ ဒီပွဲမှာ ပါဝင်ခွင့် ထိမ်းမြားပေးခွင့်ပေး တဲ့အတွက် ပျော်ရွှင်မိပါတယ်” ဟုပြောသည်။

အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်များကြား ၂၀၁၁ ခုနှစ်မှ ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် KIA အမှုထမ်းများ ရှေ့တန်းတွင် လုံခြုံရေးဦးစားပေးကာ အချိန်ပေးနေရသောကြောင့် မိသားစုများနှင့် လစ်ဟာနေခြင်းဖြစ်ကြောင်းသိရသည်။

ယခုချိန်ထိ ရှမ်းပြည်မြောက်ပိုင်း KIA တပ် ဖက်တွင်လည်း အစိုးရတပ်နှင့် စစ်ရေးအခြေအနေများ တင်းမာလျက်ရှိပြီး အစိုးရတပ်များ အင်အားတိုးချကာ လုံခြုံရေးတင်းကြပ်ထားသောကြောင့် ဒုက္ခသည်များ သွားလာရေးတွင် စိုးရိမ်ကြောက်လန့်နေရကြောင်း သိရသည်။



0 comments:

Post a Comment