Tuesday, April 15, 2014

ယူနန်ပြည်နယ် ကချင် ခရစ်ယာန်မနောပွဲကို တရုတ်အစိုးရ ပိတ်ပင်

တရုတ်အာဏာပိုင်များရဲ့ တားမြစ်ခံရတဲ့ Shadan Krung ကချင်ရိုးရာ မနောတိုင်

ယူနန်ပြည်နယ် ရင်ကျန်းခရိုင်ရှိ ရှဒန်ကရုန် ဂျိန်းဖေါ့ (ကချင်)နှစ်ခြင်းခရစ်ယာန်အသင်းတော် သာသနာပြု (၂၅) နှစ်ပြည့် ငွေရတုပွဲတွင် မနောတိုင်စိုက်ထူ၍ မနောကရန်ပြင်ဆင်ထားသည်ကို တရုတ်အစိုးရ အာဏာပိုင်များက ဧပြီ ၁၀ ရက်နေ့ ပိတ်ပင်တားမြစ်ခဲ့ကြောင်း သိရသည်။

ရှဒန်ကရုန် (Shadan Krung) ယဉ်ကျေးမှုအဖွဲ့သည် ကချင်နှစ်ခြင်းခရစ်ယာန်များအား ကချင်ရိုးရာ မနော အကကို မနောတိုင် ၆ တိုင်ဖြင့် ကရန်ပြင်ဆင်ခြင်းကို တရုတ်အစိုးရအာဏာပိုင်များက ယဉ်ကျေးမှုကိုဖောက်ဖျက်နေကြောင်း၊ နတ်ပူဇော်ပြီး မနောကရကြောင်း၊ မနောတိုင် ၆ တိုင် (မြန်မာပြည်နှင့် အိန္ဒိယရှိ ကချင်လူမျိုးများ အသုံးပြုသည်) စိုက်ထူခြင်းသည် မတရားကြောင်း၊ တရုတ်တစ်ပြည်လုံးတွင် မနောတိုင် ၄ တိုင်ဖြင့်သာကကြောင်း စသည့်အချက်များဖြင့် ပိတ်တားမြစ်ခြင်းခဲ့ခြင်းဖြစ်သည်ဟု ငွေရတုပွဲတွင် ပါဝင်သော ဒေသခံ ဆရာဖော်ဂျန်လ (Hpaujang La) KNG ကချင်သတင်းဌာန သို့ပြောသည်။

“ပါတီခေါင်းဆောင်က နင်တို့ ယေရှုလက်ဝါးကပ်တိုင်လုပ်ပြီး က ကြလို့ပြောတယ် ဒါမဲ့မကခဲ့ပါဘူး သူတို့က မနောတိုင် အားလုံးဖြုတ်လိုက်လို့ပြောတယ် ကျနော်တို့က အားလုံးတော့ မဖြုတ်လိုက်ဘူး မနောတိုင် ၂ ခုကို ချန်ထားလိုက်တယ်” ဟုဆိုသည်။

တရုတ်အာဏာပိုင်များသည် ဧပြီလ ၁၀ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီချိန်တွင် ၁ ကြိမ် ၆ နာရီချိန်တွင် ၁ ကြိမ် မနောတိုင်ဖြုတ်ရန် အကြောင်းကြားရာ မဖြုတ်လျှင် အရေးယူပြီး လူကိုလည်း ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုလာသောကြောင့် ဖြုတ်လိုက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ထို ဧပြီ ၁၀ ရက်နေ့တွင် တရုတ်အာဏာပိုင်များသည် မြန်မာနယ်စပ်မှလာသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ အထွေထွေအတွင်းရေးမှူး Rev. Dr. Hkalam Samson နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ယဉ်ကျေးမှုဌာနမှ Salang Kaba Nuk Gan တို့ အယောက် ၅၀ ကျော်ကိုလည်း နယ်စပ်ဂိတ်တွင် ပိတ်ပင်ထားခြင်းကြောင့် မနောတိုင်ကို ဖြုတ်လိုက်ရခြင်းဖြစ်ကြောင်း အသင်းတော်တာဝန်ရှိသူများမှပြောသည်။

ရှဒန်ကရုန် (Shadan Krung) ယဉ်ကျေးမှုအဖွဲ့သည် တရုတ်အစိုးရခွင့်ပြုချက်ဖြင့် ထိုသို့ ကျင်းပရခြင်း ဖြစ်သော်လည်း ယခုကဲ့သို့ အမိန့်ထုတ်ခြိမ်းခြောက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ခြိမ်းခြောက်ပြောဆိုသူသည် ရိုးရာနတ်စား ဂျိန်းဖေါ့ (ကချင်) မျိုးနွယ်စုမှဖြစ်ပြီး ၄င်းကိုယ်တိုင် အစိုးရ ခရိုင်တံဆိပ်ဖြင့် မနောတိုင်ဖြုတ်ရန် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ မနောတိုင် ၆ တိုင်ကိုဖြုတ်ပြီးနောက် မနောတိုင် ၂ ခု ချန်ထားသည့် မနောကွင်းတွင် အောင်မြင်စွာ မနောက ကို ၂ ရက် က ခဲ့ကြောင်း သိရှိရသည်။ ရင်ကျန်းခရိုင် ရှဒန်ကရုန် (Shadan Krung) ငွေရတုပွဲကို ဧပြီ ၁၀ ရက်မှ ၁၄ ရက်နေ့ထိ ပြုလုပ်ကျင်းပခဲ့သည်။


0 comments:

Post a Comment