Wednesday, December 18, 2013

အစိုးရ သန်းခေါင်စာရင်းတွင် ကချင်မျိုးနွယ်စုအားလုံး 'ကချင်' အမည် ခံယူမည်

ဒီဇင်ဘာ ၁၇-၁၈ နေ့ KIO ဗဟိုဌာနချုပ် လိုင်ဇာတွင် ကျင်းပခဲ့တဲ့ အစိုးရသန်းခေါင်းစာရင်း ကောက်ယူခြင်းပေါ် ကချင်အမျိုးသားများရဲ့ ဆွေးနွေးပွဲ။


လာမည့် သန်းခေါင်စာရင်း ကောက်ယူမှုတွင် ကချင်မျိုးနွယ်စုများအားလုံး ‘ကချင်’ အမည်ဖြင့် စာရင်း ထည့်သွင်းရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာတွင်ပြုလုပ်သော အစည်းအဝေးက သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။


“ဒီနေ့ နှစ်ရက်မြောက် ညနေစောင်းပိုင်းမှာတော့ ကချင်လူမျိုးနွယ်စုအားလုံးက ကချင်ဆိုတဲ့ code နံပတ် အောက် မှာပဲ ထည့်သွားမယ်ဆိုတဲ့သဘောတူညီမှုကို အားလုံးလက်ခံလိုက်ပြီဖြစ်တယ်၊ မြန်မာအစိုးရအနေနဲ့ လူမျိုးနွယ်စုမဟုတ်တဲ့ ဟာတွေကိုလည်း လူမျိုးနွယ်စုထဲမှာ ခွဲပြီးအများကြီး ဖော်ပြထားတာတွေ့ရတယ်၊ ဒါပေမဲ့ ရိုးရာအဖွဲ့အစည်းတွေ၊ ဘာသာရေးပေါင်းစုံကလူတွေအားလုံးက ကချင်101 ဆိုတဲ့ code နံပါတ်မှာ ထည့်သွားဖို့ သဘောတူ ဆုံးဖြတ်အတည်ပြုလိုက်ပြီဖြစ်တယ်” ဟု ဆွေးနွေးပွဲတက်ရောက်လာသူ သင်းအုပ်ဆရာ ဒေါင်ဟောင်း က ပြောသည်။

နှစ်ရက်ဆွေးနွေးမှုများပြုလုပ်ပြီးချိန်တွင် ကချင်အမျိုးသား တစ်ရပ်လုံးမှာ တစ်သံ တည်း၊ ထွက်ရန် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်းလည်း ဆရာဒေါင်ဟောင်းက ပြောသည်။ ဤသဘောတူဆုံးဖြတ်ချက်ကို ရိုးရာအဖွဲ့အစည်းများနှင့် ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင်များကပါ သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

KIO ဌာနချုပ်လိုင်ဇာမြို့တွင် ကချင်အမျိုးသားများ၏ အနာဂတ် အမျိုးသားရေး ရှင်းလင်းပွဲနှင့်ဆွေးနွေးပွဲ တစ်ရပ်အား KIO မှကြီးမှူး၍ ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ Padang ခမ်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲမှာ KIO ၏ လက်ရှိနိုင်ငံရေးအခြေအနေအား မြန်မာတစ်နိုင်ငံလုံးရှိ ကချင်ပြည်သူ၊ ပြည်သားများအား ရှင်းလင်းခြင်းနှင့် လာမည့် ၂၀၁၄ မတ်လကုန်ပိုင်းတွင် ကျင်းပပြုလုပ်သွားမည့် တစ်နိုင်ငံလုံး သန်းကောင်စာရင်းကောက်ခံခြင်းနှင့်ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်ခဲ့ကြသည်။

“လာမည့်နှစ်ဦးပိုင်းမှာကောက်ခံသွားမယ့် သန်းကောင်စာရင်းကောက်ခံခြင်းနဲ့ ပတ်သတ်ပြီး၊ ကချင်အမျိုးသား များ မည်သို့ပါဝင်သွားမယ်၊ ဘယ်လိုနံပတ်များတွင် ထည့်သွင်းသွားမယ်၊ ဘယ်လိုရွေးချယ်ဆောင်ရွက်မယ်ဆို တဲ့ အချက်တွေကို ညှိနှိုင်းသွားဖို့ လုပ်တဲ့အစည်းအဝေးပါ” ဟုဆွေးနွေးပွဲတက်ရောက်လာသူ သင်းအုပ်ဆရာ ဒေါင်ဟောင်း ကပြောသည်။

ထိုသို့သော ဆွေးနွေးပွဲကို KIO မှ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ကာ၊ ကချင်လူမျိုး၏ အနာဂတ် အမျိုးသားရေးအား အချိန်အခါသင့် ဆွေးနွေးပွဲပြုလုပ်ပေးခြင်းအပေါ် ဆွေးနွေးပွဲ တက်ရောက် လာသူများက လည်း ဝမ်းမြောက်၊ ဝမ်းသာကြောင်း ပြောသည်။

“KIO အစိုးရအနေနဲ့ စိတ်ပါဝင်စားစွာဖြင့် ကချင်လူမျိုးများအနာဂတ်ရှေ့ရေးအတွက် ဒီလို ဆွေးနွေးပွဲ လုပ်ဆောင်လာခဲ့ခြင်းဟာ၊ အလွန်ကောင်းမွန်ပြီး သင့်မြတ်ကြောင်းတွေ့ရတယ်၊ အခြားသော သူများက ကချင် လူမျိုး၏ အရေးကိုပါဝင်ဆောင်ရွက်လာပါက ရှုတ်ထွေးမှုရှိလာတယ်၊ ကချင်လူမျိုး၏ အနာဂတ်ကို ကချင်လူမျိုးများ သာလျှင် လုပ်ဆောင်နိုင်တယ်၊ ဒီလို KIO အနေနှင့် အချိန်မနှောင်းခင် ရှေ့ဆောင်လမ်းပြနေခြင်းကို အင်မတန် ဝမ်းမြောက်ပါတယ်” ဟု အသက် (၅၀) ကျော်အရွယ် နိုင်ငံရေးစိတ်ပါဝင်စားပြီး ဆွေးနွေးပွဲတက် ရောက်လာသူတစ်ဦးက ပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment