Monday, December 23, 2013

ဒေါက်တာတူးဂျာ၏ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ရုံးချုပ် ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ ခေါင်းဆောင် ဒေါက်တာ တူးဂျာ။


ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ခေါင်းဆောင်ဟောင်း တဦးဖြစ်သူ ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ရုံးချုပ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၁ ရက် စနေနေ့က မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။


ဒေါက်တာတူးဂျာ ဦးဆောင်သော ကချင်ပြည်နယ်ဒီမိုကရေစီပါတီ Kachin State Democracy Party (KSDP) ပါတီကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက ဒေါက်တာတူးဂျာ ဦးဆောင်ပြီး ကချင်ပြည်နယ်တိုးတက်ရေး ပါတီ (KSPP) ဟု အမည်ပေးကာ မှတ်ပုံတင်လျှောက်ထားခဲ့သော်လည်း ဒေါက်တာတူးဂျာမှာ KIO ခေါင်းဆောင်ဟောင်း ဖြစ်သည်ဆိုကာ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်ကို ငြင်းပယ်ခဲ့သည်။ ထို့နောက် ပါတီခေါင်းဆောင်များက တသီးပုဂ္ဂလ အနေဖြင့် ရွေးကောက်ပွဲ ၀င်ရန်ထပ်မံ လျှောက်ထားခြင်းကိုလည်း ငြင်းပယ်ခဲ့သည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဒေါက်တာတူးဂျာကို တသီးပုဂ္ဂလ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပြုခဲ့သော်လည်း ရွေးကောက်ပွဲ ကျင်းပသည့် အခါ လုံခြုံရေး အခြေအနေများကြောင့် ဒေါက်တာ တူးဂျာ ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေတွင် ရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့သည်။

ယခု တကြိမ် ထပ်မံပြီး ရွေးကောက်ပွဲ ကော်မရှင်တွင် ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီအမည်ဖြင့် မှတ်ပုံ ထပ်တင်သည့် အခါမှသာ မှတ်ပုံတင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်ဒီမိုကရေစီ ပါတီ (KSDP) အနေဖြင့် စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတို့ကို အဓိက ထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖွင့်ပွဲနေ့တွင် ဒေါက်တာတူးဂျာက KNG ကချင်သတင်းဌာနသို့ ပြောကြားခဲ့သည်။

“ဒီမိုကရေစီကို တန်ဖိုးထားတယ် စစ်မှန်သောပြည်ထောင်စုရရှိဖို့ရန် စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ရန် ကျနော် တို့ပါတီကနေ ဆောင်ရွက်သွားမယ် ပြီးတော့ ကချင်ပြည်နယ်မှာအတူရှိနေတဲ့ ကချင်အမျိုးသားများကို စည်းရုံး မယ် အမျိုးသားရင်ကြားစေ့ရေးကို တတ်နိုင်သလောက်ဆောင်ရွက်သွားမယ် ကျနော်တို့က ကချင်ပြည်နယ်သားဖြစ်တဲ့အတွက် နိုင်ငံသားပြီသစွာ စည်းရုံးသွားမယ်ဖြစ်တယ် “ကချင်ပြည်နယ်ဒီမိုကရေစီပါတီ” ပြည်နယ် လို့ပါခြင်းဟာ ပြည်နယ်အတွင်းမှာရှိတဲ့ မည်သူမဆို ကျနော်တို့ပါတီနဲ့ လက်တွဲလို့ရတဲ့သူတွေ ကျနော်တို့ ပေါ်လစီ လက်နာသူတွေမည်သူမဆိုဝင်လို့ရတယ်”

ထိုမျှသာမက KSDP ပါတီသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ပြေး ဒုက္ခသည်များ မိမိနေရပ်သို့အမြန်ဆုံးရောက်ရှိနိုင်ရန် ငြိမ်းချမ်းရေးအမြန်ဆုံးတည်ဆောက်နိုင်ရန် သက်ဆိုင်ရာ အရာရှိများကို အကြံပေးသွားမည်ဖြစ်ပြီး စစ်ပြေးဒုက္ခသည်လျော့နည်းအောင် KSDP ပါတီမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပြောသည်။

ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ရုံးချုပ်ဖွင့်ပွဲ အခမ်းအနားသို့ ဒေသခံများ နိုင်ငံရေးပါတီများမှ ဧည့်သည်တော် ၅၀၀ ကျော်တက်ရောက်ခဲ့သော်လည်း KIO မတက်ရောက်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပါတီအလံအမှတ်တံဆိပ်များကိုလည်း တင်ပြထားခဲ့ပြီး ပါတီဖွဲ့စည်းရေးကိုလုပ်ဆောင်နေကြောင်း ဒေါက်တာ တူးဂျာက ပြောသည်။

ပါတီအလံအစိမ်းရောင်အလယ်တွင် ကြယ်ဖြူကြီးနဲ့ ငှက်မင်း တံဆိပ်ပါသည့် Kachin State Democracy Party (KSDP) သည် လာမယ့် ၂၀၁၅ နှစ်တွင် ကချင်ပြည်နယ်အဆင့် ရွေးကောက်ပွဲများတွင်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း ပါတီတည်ထောင်ခွင့်ပြုထားသည့် ပါတီသည် ၅ ပါတီရှိပြီဖြစ်ပြီး အခြား ပါတီများမှာ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီဝင်ဟောင်းများ ဦးဆောင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ပါတီ-ကချင်ပြည်နယ် (UDPKS)၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် မကြာသေးခင်က မှတ်ပုံတင်ခွင့်ပြုထားသော ကချင်ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက် ပါတီ (KNCD) နှင့် လီဆူးအမျိုးသားဖွံ့ဖြိုးရေး ပါတီ (LNDP) တို့ဖြစ်သည်။ အခြားသော နိုင်ငံအဆင့် ပါတီများဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့လည်း ကချင်ပြည်နယ်အတွင်း စည်းရုံး လှုပ်ရှားမှုများ ရှိသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment