Tuesday, July 2, 2013

‘အလုပ်အဖွဲ့’ တွင် ပါဝင်သည့် KIO အဖွဲ့ဝင်များ မြစ်ကြီးနား သို့ရောက်ရှိ

KIO လက်ထောက်နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဂေါ်လူလအောင်။


အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကြားခံညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အလုပ်အဖွဲ့ (Technical Team) ရုံးဖွင့်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၏ အလုပ်အဖွဲ့ဝင် ၄ ဦးသည် မြစ်ကြီးနားသို့ ရောက်ရှိ နေပြီဖြစ်သည်။

KIO အဖွဲ့ဝင်များကို ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (PCG)မှ ယနေ့နံနက် ၁၀ နာရီခွဲတွင် မြစ်ကြီးနားမှ လိုင်ဇာသို့သွားရောက်ကြိုဆိုခဲ့ရာ ညနေ ၅ နာရ်ီတွင် မြစ်ကြီးနားမြို့သို့ ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း PCG မှ ကိုယ်တိုင်သွားရောက်ကြိုခဲ့သော ဦးခပရာ ခွန်းအောင် (Hka Pra Hkun Awng) က ပြောသည်။
“ရုံးထိုင်ဖို့  ပြည်သူလူထုအထဲက ၁၆ ယောက်ယာယီရွေးထားတာရှိတယ်၊ အဲဒါကို  KIO အဖွဲ့က မနက်ဖြန်က နေပြီး သူတို့ကိုခေါ်ပြီး ဘယ်သူက အချိန်ပြည့်ကူနိုင်မယ်ဆိုတာတွေကိုမေးပြီးမှ ပိုသင့်တော်မဲ့ လူကိုရွေးပြီး ရုံးဖွင့်တော့မှာပါ၊ အခုတော့ သူတို့စီစဉ်စရာရှိတာတွေ စီစဉ်နေတယ်” ဟု ဦးခပရာ ခွန်းအောင်က KNG ကချင်သတင်းဌာနသို့ပြောသည်။
၎င်းတို့အဖွဲ့ကို KIO လက်ထောက်နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂေါ်လူလအောင် ဦးဆောင်ပြီး ဗိုလ်မှူးကြီး ဖုန်ဂန်ခွန်နောင်၊ ဗိုလ်မှူးကြီးဆင်ဝါး၊ ဆရာဒေါင်ခါးနှင့် ကူညီရန်တပ်ဖွဲ့ဝင်များ အပါအ၀င် ၁၂ ဦးဖြစ်ကြောင်း သိရသည်။
အဖွဲ့ဝင်များတရားဝင်ရွေးချယ်ကာ ရုံးထိုင်ပြီး အစိုးရနှင့် KIO ကိုယ်စားလှယ်များ ပြန်လည်တွေ့ဆုံဆွေးနွေးမည့် ကိစ္စနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆက်ဆိုသည်။
“အခုက အစိုးရနဲ့ မြစ်ကြီးနားမြို့မှာဆွေးနွေးပြီး သဘောတူထားတဲ့အချက်ထဲက နံပါတ် ၆ ကို သူတို့အကောင် အထည်ဖော်သွားတာဖြစ်တယ်၊ သူတို့ကနေပြီး အစိုးရနဲ့ပြန်တွေ့ဖို့ကိစ္စတွေကို စီစဉ်သွားမယ်၊ ပြီးတော့ ပြည်သူ လူထုရဲ့ အသံတွေကို နားထောင်ပြီးတော့ အစိုးရတွေကို တင်ပြပြီးတိုင်ပင်ဆွေးနွေးတာတွေ လုပ်ဆောင် သွားမှာဖြစ်တယ်”
အလုပ်အဖွဲ့ (Technical Team) ရုံးကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ယခင် KIO ဆက်ဆံရေးရုံးတွင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး ယခုလို ဖွဲ့စည်းနိုင်ရန်အတွက် KIO နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့များ မေလအတွင်း ၃ ရက်ကြာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွေ့ဆုံဆွေးနွေးမှုတွင် သဘောတူခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်အဖွဲ့ (Technical Team) ဖွဲ့စည်းရန်အတွက် KIO မှ အစိုးရနှင့်လည်း တရားဝင်သဘော တူထားပြီးဖြစ်ကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment