Friday, July 12, 2013

KIA တပ်ရင်း (၂၇) တွင် အစိုးရတပ်နှင့် တိုက်ပွဲငယ်ဖြစ်

ဝိုင်းမော်မြို့နယ် ကန်ပိုင်တီလမ်းကြောင်းတွင် မြင်ရတဲ့ မြန်မာအစိုးရ စစ်သားများ။

ကချင်ပြည်နယ် ဗန်းမော်-နမ့်ခမ်းလမ်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၃) ဒေသ မဂျီဂုန်ကဘာ (Maji Gung Kaba) နေရာတွင် ဇူလိုင် ၁၂၊ ယနေ့ အစိုးရတပ်နှင့် တိုက်ပွဲငယ်တခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

KIA တပ်ရင်း (၂၇) နယ်မြေသို့ အစိုးရတပ် စကခ (၁၆)/ သိန်းနီ ကွတ်ကဲမှုအောက် ခလရ (၆၉) ဖက်မှ လှုပ်ရှားလာသောကြောင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့လမ်း သူတို့သွားနေကြတာတော့ဟုတ်တယ်။ ဒါပေမဲ့ ဒီကနေ့က ကျွန်တော်တို့နေတဲ့ စခန်းထဲရောက်လာလို့ ပစ်ခတ်ကြတာ မိနစ်အနည်းငယ်ကြာ ပစ်ပြီးမှပြန်ဆုတ်သွားတာ” ဟု တပ်မဟာ (၃) ရှေ့တန်းမှဆိုသည်။

တိုက်ပွဲကြောင့် နှစ်ဖက်တပ်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း လိုင်ဇာ ဗဟိုဌာနချုပ်မှ KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဌ ဆလန်ကဘာဒွဲပီဆာ (Salang Kaba Doi Pyi Sa) KNG ကချင်သတင်းဌာနသို့ ပြောသည်။

“တပ်အပြောင်းအလဲတွေလုပ်ပြီး တချို့က တောကနေလျှောက်ပြီး KIO ရှိတဲ့နေရာထဲ ရောက်လာရင်တော့ တိုက်ပွဲတွေဖြစ်တယ်။ မနေ့ကလည်း အဲဒီ မဂျီဂုန်ကဘာ (Maji Gung Kaba) မှာ နှစ်ဘက်တပ်တွေ့ဆုံတဲ့ချိန် ပစ်ခတ်မှုတွေဖြစ်တာပါ”

ယခုချိန် အစိုးရတပ်ဖက်မှ KIA တပ်မဟာ (၃) နယ်မြေရှိ ၄င်းတို့၏ မုဘွမ် (Mu Bum) တပ်စခန်းရှိရာသို့ တရုတ်ပြည်ဘက်မှ ရိက္ခာများပို့ဆောင်နေပြီး ဇူလိုင် ၁၁ နေ့တွင်လည်း ကား ၁၈ စင်းဖြင့် စားနပ်ရိက္ခာများပို့ပြီး တပ် အပြောင်းအလဲလုပ်ထားလိုက်ကြောင်း ဆလန်ကဘာဒွဲပီဆာ ပြောသည်။

အသိမ်းပိုက်ခံ KIA တပ်ရင်း ၂၇ ခြေစိုက်စခန်း ပလောင်ဒိန်ဆာ (Balawng Dingsa) နှင့် ၎င်းနှင့်ဆက်စပ်နေသော KIA တပ်ရင်း ၁၂ နယ်မြေ မဂျီဂုန်ကဂျီ (Maji Gung Kaji) ဖက်တွင်လည်း အစိုးရတပ်များ နေရာယူပြီး တပ်အပြာင်းအလဲများဖြင့် လှုပ်ရှားမှုများရှိနေကြောင်း သိရသည်။

မြန်မာအစိုးရနှင့် KIO အထက်ပိုင်းခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများတွင် နှစ်ဖက်တပ်များကြား စစ်ရေးလျှော့ရန် သဘောတူညီခဲ့သောကြောင့် ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်မှုမရှိတော့ပေမယ့် နှစ်ဖက်လှုပ်ရှားမှုများက တင်းမာမှုအရှိန်လျှော့သွားခြင်းမရှိသေးကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment