Friday, July 19, 2013

ဦးလထော်ဘရန်ရှောင်ကို မတရားအသင်း ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချ

ဇူလိုင် ၁၈ နေ့က ဦးလထော်ဘရန်ရှောင်ကို မတရားအသင်း ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချ။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက် ဒုက္ခသည်စခန်းမှ မတရားအသင်းဆက်သွယ်မှုဖြင့် တရားစွဲဆိုဖမ်းဆီးထားသော ဦးလထော်ဘရန်ရှောင် (Lahtaw Brang Shawng) ကို ယမန်နေ့ မြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များကပြောသည်။
ဦးဘရန်ရှောင်ကို ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဇွန်လအထိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တွင် တာဝန်ထမ်းဆောင်ခဲ့သူအဖြစ် မတရားအသင်း ၁၇ (၁) ပုဒ်မဖြင့် မြို့နယ်တရားသူကြီး ဦးမြင့်ထူးမှ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ဦးဘရန်ရှောင်၏ ရှေ့နေ ဦးမာခါးပြောသည်။

“အမှန်ကတော့ တရားရုံးကနေ ဒီနေ့အမိန့်ချဖို့ အချိန်တော့မဟုတ်ဘူး။ ဒီနေ့က လျှောက်လဲချက်ပေးရတဲ့နေ့ပေါ့။ ကျနော်လျှောက်လဲချက်ပေးတာက စာမျက်နှာ ၃၀ ရှိတယ်။ တချို့ကိုတော့ ကျနော်နှုတ်နဲ့လျှောက်တာ။ ကျန်တဲ့ အပိုင်းကိုတော့ စာနဲ့ပဲတင်ပြထားတာ။ ဒါပေမဲ့ တရားသူကြီးက မဖတ်ဘူး။ ကျနော်တို့ ဒီလျှောက်လဲချက်ပြီး တာနဲ့ သူကရေးသားထားပြီးသားစာရွက်ကို ထုတ်ယူပြီး အဲဒီမှာ တခါတည်း စီရင်ချက်ချမယ်ဆိုပြီးတော့ဖတ် ပြတာပေါ့။ သူကျနော်တို့ရှေ့မှာ ရေးသားတာလည်းမရှိဘူး။ ကျနော်လျှောက်လဲတဲ့အပေါ်မှာအခြေခံပြီး သူဆုံးဖြတ်တာလည်း မဟုတ်ဘူး။ တရားသူကြီးက နဂိုကတည်းက ဒီအမိန့်အတွက် ကြိုတင်ပြန်ဆင်ထားပြီး သားဆိုတာ သိရတာပေါ့” ဟု KNG ကချင်သတင်းဌာန သို့ပြောသည်။
ထိုသို့ စီရင်ချက်ချလိုက်ခြင်းအပေါ် အလွန်ဆိုးရွားသည့် လုပ်ရပ်တစ်ခုဖြစ်သည်ဟု မြင်ကြောင်း ဦးမာခါးက ဆက်ဆိုသည်။
“တရားသူကြီးဆုံးဖြတ်တဲ့ ထောင်ဒဏ်ချမှတ်တယ်ဆိုတာ ဒါအရမ်းကိုဆိုးဝါးတဲ့အခြေအနေပေါ့နော်။ ကျနော်တို့ ကချင်ပြည်နယ်မှာ တရားစီရင်ရေးစနစ်က အရမ်းကိုတိမ်းစောင်းတယ်ဆိုတာ ဖော်ပြတဲ့ သဘောပဲလို့ ကျနော် မြင်တယ်။ တရားရုံးမှာတောင် တရားမြတမှုကို ကျနော်တို့ ရှာဖွေလို့မရဘူးဆိုတာကောင်းကောင်း မြင်တွေ့ခဲ့ တာပေါ့။ ပြီးတော့ သူ့ဇနီးသည်ကိုတောင်မတွေ့ပေးဘူး။ အမိန့်ချမှတ်ပြီးတာနဲ့ ရဲတွေက အဆင်သင့်လာစောင့် နေတယ်။ မြစ်ကြီးနားမြို့နယ်အုပ်ချုပ်ရေးမှူးတို့ ရဲမှူးတို့က တရားသူကြီးရဲ့ အလုပ်ကိစ္စ အမိန့်ချမယ်ဆိုတာကို သူတို့သိနေတယ်ဆိုတာ့ ဒါမရိုးသားတဲ့အလုပ်ကိစ္စပေါ့။”
ပြီးခဲ့သည့် မတ်လ ကုန်ပိုင်းက အစိုးရနှင့် KIO အဖွဲ့များ မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဂျန်မိုင်ကောင် (Jan Mai Kawng) ဒုက္ခသည်စခန်းသို့ လာရောက် ကြည့်ရှုစဉ် ဦးဘရန်ရှောင်ကို တရားရုံးမှ စီရင်ချက်ချမှတ်အပြီး တစ်ပတ်အတွင်း လွှတ်ပေးမည်ဟု  ပြောဆိုခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အစိုးရ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက ဦးဘရန်ရှောင် အား ထိုသို့ စီရင်ချက်ချပြီးသော်လည်း ၀န်ကြီးဦးအောင်မင်းပြောဆိုခဲ့သည့်အတိုင်း လွှတ်ပေးမည်ဟု ယုံကြည်ကြောင်း KNG ကချင်သတင်းဌာန သို့ပြောသည်။
“ဦးအောင်မင်း ရှင်းပြတာက ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးသီးခြားဖြစ်တဲ့အတွက် တရားစီရင်ရေးကိစ္စကိုတော့ သူတို့အုပ်ချုပ်ရေးအပိုင်းတွေ ၀င်ရောက်အကြံပြုစွက်ဖက်လို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဘယ်လိုပဲ တရားစီရင်သည် ဖြစ်စေ၊ ပစ်ဒဏ်ချသည်ပဲဖြစ်ဖြစ်ပေါ့၊ တရားစီရင်မှုပြီးသွားရင် သူ့အနေနဲ့ အမြန်ဆုံးဆောင်ရွက်ပေးပါ့မယ်လို့ ကတိပေးထားတဲ့အတွက် ကတိအတိုင်း ဆောင်ရွက်မယ်လို့ ကျနော်တို့ မှတ်ယူပါတယ်။ ဒီလိုငြိမ်းချမ်းရေးဖြစ် စဉ်တွေ ဆောင်ရွက်နေတဲ့အခါမှာ တစ်ဖက်နဲ့ တစ်ဖက်ယုံကြည်မှုရဖို့ အရေးကြီးပါတယ်။ ၀န်ကြီးကလည်း သူကတိပေးထားတဲ့ အတိုင်းလည်း သူပြီးမြောက်အောင်ဆောင်ရွက်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”
ဦးဘရန်ရှောင်ကို ၂၀၁၂ ယမန်နှစ် ဇွန်လ ၉ ရက်နေ့ညတွင် ဖောက်ခွဲမှုဖြင့် ဂျန်မိုင်ကောင် (Jan Mai Kawng) စစ်ပြေး ဒုက္ခသည်စခန်းတွင်နေထိုင်ရာမှ အမှတ် (၁) ရဲစခန်းမှ ဖမ်းဆီးသွားပြီးနောက် KIO နှင့်ပတ်သက်သူဟု ၁၇/၁ ပုဒ်မဖြင့် ထပ်မံစွပ်စွဲထားခြင်းဖြစ်သည်။
ထိုသို့ ထောင်ဒဏ် ၂ နှစ် အမိန့်စီရင်ချက်ချမှတ်ခြင်းနှင့် ပတ်သက်၍ တပတ်အတွင်း လူထုရှင်းလင်းပွဲတခု ပြုလုပ်ပြီးနောက် ဆက်လက်အယူခံဝင်သွားမည်ဖြစ်ကြောင်း ဦးမာခါး ကပြောသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment