Tuesday, July 9, 2013

ဗန်းမော်မြို့ရှိ အသင်းတော်များ ဒုက္ခသည်စခန်းသို့ ငှက်ဖျားရောဂါ ဆေးဝါးများ ကူညီ

ဗန်းမော်ခရိုင် KIO နယ်မြေ ဒုက္ခသည်စခန်းများသို့ ငှက်ဖျားရောဂါ ဆေးဝါးများကူညီရန် ရောက်လာကြတဲ့ ဗန်းမော်မြို့ရှိ အသင်းတော် ဆရာများ။


မိုးတွင်းကာလ ငှက်ဖျားအဖြစ်များနေပြီး ဆေးဝါးများလိုအပ်နေသည့် တရုတ်နယ်စပ် ဒုက္ခသည်စခန်းများသို့ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အသင်းတော်များက ငှက်ဖျားနှင့် ၀မ်းရောဂါအတွက် ဆေးဝါးများကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့ ကက်သလစ် RC အသင်းတော်မှ ဘုန်းတော်ကြီးများနှင့် နှစ်ခြင်းအသင်းတော်က ဆရာတော်များက ဗန်းမော်ရှိ ဒုက္ခသည်စခန်းများနှင့် တရုတ်နယ်စပ် လိုင်ဇာအနီးဝန်းကျင်ရှိစခန်းများတွင် မိုးရာသီချိန် ချို့ယွင်းဖြစ်ပေါ်လာတတ်သော ကျန်းမာရေးနှင့်ပတ်သက်သည့် ဆေးဝါးများကို ဇူလိုင်လ ၈ ရက်နေ့က် four wheel truck ကား တစ်စီးစာ ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါလာသည့် ဆရာ တူးဂျာ ကပြောသည်။
“ကျွန်တော်တို့က ဒီမှာအဖြစ်များနေတဲ့ငှက်ဖျားနဲ့ဝမ်းရောဂါတွေအတွက်ဆေးဝါးကို အလှူလာပေးတယ်၊ IDP စခန်းတွေမှာလူဦးရေအလိုက် ကြည့်ပြီးတော့ ဆေးတွေကိုပေးသွားတာ ဖြစ်တယ်”
ဆေးဝါးများကို လွယ်ဂျယ်စခန်း၊ အင်ခေါင်းပါစခန်း၊ လွယ်ဂျယ် ညောင်တပင်စခန်း၊ ဖုန်လွမ်ယန်စခန်း နှင့် ဝေကြိုင်စခန်းတို့တွင် အသီးသီးကူညီပေးခဲ့ကြောင်းသိရသည်။
အဆိုပါစခန်းများသို့ ဆေးဝါးများအပြင် လိုအပ်သည်များကို ဆက်လက်ကူညီရန်ရှိကြောင်းပြောဆိုခဲ့ပြီး ၄င်းသည် အစိုးရနှင့်တင်းမာမှု အခြေအနေရှည်လျားနိုင်သောအလားအလာများ တွေ့မြင်ရခြင်းကြောင့် ဖြစ်သည်ဟု ဆရာကဆက်ပြောသည်။
“နိုင်ငံရေးအခြေအနေက ဆက်ပြီးကြာနေမဲ့အနေအထားမျိုးတွေ့ရတယ်၊ ဒါကြောင့် ကျွန်တော် တို့အဖွဲ့အစည်းကနေပြီး ရှေ့ဆက်ဒုက္ခသည်တွေအတွက် အစားအသောက် ဆက်လက် အကူအညီပေးသွားမယ်၊ နောက်ပညာရေးအတွက်ကိုလည်း တောက်လျှောက်အကူအညီပေးသွားဖို့ အစီအစဉ်တွေလည်း ဆက်တိုက်လုပ်သွားမယ်”
အဆိုပါကူညီပေးအဖွဲ့မှ ဘုန်းတော်ကြီးဆွမ်လွတ်ဂမ်နှင့်တကွ ဆရာတော်များသည် လိုင်ဇာမြို့ အနီးဝန်းကျင်ရှိစခန်းများတွင် ကြည့်ရှုလှည့်လည်ကာ အားပေးစကားများ ပြောကြားပြီး၊ ညနေပိုင်းတွင်အလဲန့်ဘွမ် ဒုက္ခသည်ကျောင်းမှ ကျောင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဘုန်းတော်ကြီးဆွမ်လွတ်ဂမ်မှ မိမိအလယ်တန်းဘဝ ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့သော အတွေ့အကြုံများကိုဖလှယ်ပေးခဲ့ပြီး အလဲန့်ဘွမ်အလယ်တန်းနှင့်အထက်တန်း ကျောင်းသားများ အား စိတ်ဓာတ်ရေးရာမြှင့်တင်နိုင်ရေး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ဇွန်လိုင်လ(၉)ရက် ယနေ့တွင် KIO ဗဟိုလူကြီိးများနှင့်တွေ့ဆုံရန်လည်းစီစဉ်ထားပြီး၊ ဘုန်းတော်ကြီးနှင့်တကွ ဆရာတော်များ (၇) ဦးလိုက်ပါလာကြောင်းကိုလည်း သိရှိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေနှင့် တရုတ်နယ်စပ် ရှိ ဒုက္ခသည်စခန်းများတွင် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် စေတနာရှင်များ၊ အသင်းတော်များက ကူညီပေးနေခြင်း ဖြစ်ကြောင်း ဒုက္ခသည်စခန်းမှသိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment