Tuesday, June 18, 2013

မုန်းဂိုးဒေသ အစိုးရနှင့် KIA တင်းမာမှုကြောင့် ရွာ ၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

ရှမ်းပြည်မြောက်ပိုင်း KIA စစ်သားတစ်ဦး

ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) နယ်မြေ မူဆယ်မြို့နယ် မုန်းဂိုးဒေသ တပ်ရင်း (၃၆) နယ်မြေတွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ကျေးရွာ ၄ ခုမှ ဒေသခံများ ၁၀၀ ကျော်သည် လွတ်မြောက်ရာသို့အသီးသီးထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံများသည် မုန်းဂိုးဒေသ ကျေးရွာ ၄ ရွာဖြစ်သော လွယ်လောမ် (Loi Lawm)၊ ကလီး (KaLi)၊ လွယ်ဟဲမ် (Loi Hem)၊ နမ်ဂွတ် (Nam Gut) ရွာမှ ဒေသခံ များဖြစ်ကြောင်းသိရသည်။
၎င်းကျေးရွာသားများသည် ဇွန်လ ၁၆ ရက်နေ့ လွယ်ဟဲမ်ရွာအနီးတိုက်ပွဲများစတင်ဖြစ်ပွားလာချိန်ကစ၍ အနီးရှိဝင်းဆိုင် (Win Seng) ရွာသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း သိရသည်။
ထိုဒေသခံများသည် ယခုချိန်အချို့သည် နီးစပ်ရာဆွေမျိုးများနေအိမ်၊ တောင်ယာများ၊ ခရစ်ယာန်အသင်းတော်များတွင် အသီးသီးထွက်ပြေးတိမ်းရှောင်လာပြီး အခုချိန် အခက်ခဲများရင်ဆိုင်နေရကြောင်း ဒုက္ခသည်များကို နေရာချပေးနေသူများကပြောသည်။
တိုက်ပွဲများဆက်လက်ပြင်းထန်လာလျင် လုံခြုံစွာခိုလှုံနိုင်ရန်အတွက် ထိုဒေသရှီ မုန်ဘော်ကပ်ပါ (Mungbaw Gat Pa) အသင်းတော်မှလည်း ခိုလှုံရာ နေရာများစီစဉ်နေကြောင်း ဒေသခံဆရာ မန်ယိန်း ကပြောသည်။
“အစိုးရတပ်တွေက ရွာထဲကိုဝင်ပြီး ဟိုနေ့က ဦးဇခုန်လွမ်အောင်ကို ပစ်သတ်သွားသလို ပစ်မှာစိုးလို့ ရွာသားတွေကြောက်နေကြတယ် အခြေအနေကြည့်ရင်တော့ ပြင်းထန်လာနိုင်တယ် အစိုးရတပ်ကစစ်အင်အားတွေ တိုးချဲ့လာတော့ တိုက်ခိုက်မှုတွေ ရှိလာ နိုင်တဲ့အတွက် စီစဉ်နေတယ်” ဟု KNG ကချင်သတင်းဌာနသို့ပြောသည်။
ယမန်နေ့တွင်လည်း လားရှိုးဘက်မှ အစိုးရစစ်အင်အား စစ်ကြောင်း ၃ ကြောင်း အင်အား ၂၀၀ ကျော်ဖြင့် တိုးချဲ့လာခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ယူဆထားပြီး ဒေသခံများစိုးရိမ်ကြောက်လန့်နေကြသည်။
အဆိုပါတိုက်ပွဲများသည် မကြာသေးခင်က တပ်မဟာ (၄) အတွင်း ပြည်သူလူထုနှင့် စည်းဝေးပွဲများပြုလုပ်ပြီးနောက် ရုတ်တရက် အင်အားတိုးချ ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု KIA ပြည်သူ့စစ် (MHH) တပ်ခွဲမှူး ဇော်ဆိုင်း KNG ကချင်သတင်းဌာန သို့အတည်ပြုပြောသည်။
“အစိုးရစစ်တပ်က ရွာတွေမှာဝင်ပြီးတော့ နင်တို့ကချင်တွေက KIA ဘဲ ဆိုပြီးဖမ်းလာတော့ ကြောက်ပြီးထွက်ပြေးတာ၊ ဈေးသွားသလိုမျိုးထွက်ပြေးနေရတယ်၊ သူတို့ကပစ်ပြီးတော့ အခြားဘက်ပြန်သွားတယ်”
ဇွန် ၁၄ ရက်နေ့တွင်လည်း နောင်ဟမ်ရွာသား ဦးဇခုန်လွမ်အောင် ဆိုသူအား အစိုးရတပ်မှ လမ်းပြအဖြစ်ခေါ်ဆောင်သွားကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများပြောသည်။
မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား ပစ်ခတ်တိုက်ခိုက်မှုများလျော့ချရန် နှစ်ဖက်သဘောတူညီလက်မှတ်ထိုး ခဲ့သော်လည်း တွေ့ဆုံဆွေးနွေး သဘောတူညီချက်ရထားကြားမှ KIA တပ်မဟာ ၄ နယ်မြေများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားပြီး ဒေသခံများ ဆက်လက်ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ်သည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group



0 comments:

Post a Comment