Monday, April 8, 2013

KIO တိုင်း ဌာနချုပ် လုပ်ငန်းအတွက် ရုံးအုပ်ချုပ်နည်း သင်ကြားပို့ချပေး

KIO `ရုံးအုပ်ချုပ်ရေး သင်တန်းဆင်းပွဲ ကျင်းပနေပုံ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)မှ ကချင်ဒေသ (ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း) KIO တိုင်း အုပ်ချုပ်ရေးဌာနချုပ် (Ginwang Ginjaw) တိုင်းတွင် လုပ်ငန်းများကို အောက်ခြေအဆင့်ထိ တညီတညွတ်တည်း လုပ်ဆောင်သွားနိုင်ရန် ရုံးအုပ်ချုပ်နည်းသင်တန်းတခု ပြုလုပ်ခဲ့သည်။


ထိုသင်တန်းကို KIO ဗဟိုဌာနချုပ် လိုင်ဇာ တွင် ၂၀၁၃ မတ်လ ၂၀ ရက်နေ့ စတင်ပို့ချခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

၎င်းတွင် KIO တိုင်းဒေသ ၅ တိုင်း (အရှေ့ပိုင်းတိုင်း/ တပ်မဟာ ၁၊ အနောက်ပိုင်းတိုင်း/ တပ်မဟာ ၂၊ မြောက်ပိုင်းတိုင်း/ တပ်မဟာ ၁၊ တောင်ပိုင်းတိုင်း/ တပ်မဟာ ၄၊ ဗဟိုလုံချုံရေးတပ်/ တပ်မဟာ ၅) မှ တိုင်းအဆင့် အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် သက်ဆိုင်ရာ ရုံးအုပ်ချုပ်ရေးမှူးများ အားလုံးပေါင်း ၅၈ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း KIO အရာရှိမှသိရသည်။

ယခုလိုသင်တန်းပို့ချခြင်းသည် KIO ဗဟိုဌာနချုပ်မှ တိုင်းဌာနချုပ်နှင့် အောက်ခြေရှေ့တန်းအဆင့်ထိ လုပ်ငန်းများလုပ်ဆောင်သွားရာတွင် တစ်သံတည်းဖြင့် တညီတညွတ် လုပ်ဆောင်သွားနိုင်ရန် လိုအပ်သော လုပ်ငန်းနည်းလမ်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း လိုင်ဇာမြို့ အုပ်ချုပ်ရေးမှူး ကရန်နော်အောန် (Kareng Naw Awn) က KNG ကချင်သတင်းဌာန သို့ပြောသည်။

“အလုပ်လုပ်တဲ့ နည်းလမ်းတွေ ရုံးနည်းလမ်းတွေ အုပ်ချုပ်တဲ့နည်းတွေ ပြီးတော့ ဗဟိုဌာနချုပ်မှာ ဘယ်လိုလုပ်နေလဲ ဘယ်လိုတွေစီစဉ်နေလဲ ဘယ်လိုနိုင်ငံရေးအခြေအနေမှာ သွားနေတယ်ဆိုတာတွေ။ ဌာနချုပ်က ဘာကိုလုပ်နေတယ်ဆိုတာတွေကို ဒီတိုင်းအဆင့်လူကြီးတွေကနေသိပြီး လိုက်လုပ်တဲ့အထဲမှာ ဗဟိုဌာနချုပ်က အသံနဲ့ တူညီအောင် အောက်ခြေရှေ့တန်းထိ လုပ်သွားလို့ရအောင် အောင်ခြေအဆင့်မှာ ဘာတွေဖြစ်နေတယ် ဆိုတာတွေကိုလည်း အထက်အထိ သိလို့ရအောင် တူညီအောင် ဘယ်လိုလုပ်သွား မယ်ဆိုတာတွေဟုတ်တယ်”

ယခုပြုလုပ်ခြင်းသည် သတ်မှတ်ထားသည့် အစီအစဉ်မဟုတ်သော်လည်း တိုက်ပွဲအချိန်အတွင်း လိုအပ်မှုများအပေါ်မူတည်ပြီး ပြုလုပ်လိုက်ခြင်းဖြစ်ကြောင်း ကရန်နော်အောန် ကပြောသည်။

သင်တန်းဆင်းပွဲကို ဧပြီလ ၈ ရက် ယနေ့မနက် KIO ဗဟိုဌာနချုပ်ရှိ ဖုန်ဝါ (Hpung Wa Gawknu) ခန်းမတွင်ပြုလုပ်ပြီး ၎င်းတွင် သင်တန်းဆင်းသူများကို KIO ဗဟို အုပ်ချုပ်ရေးဌာန (Department of General Administration, or DGA) ဒု-အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး လဖိုင်ဇော်ရော် (Lahpai Zau Raw)မှ ပညာပေး မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

ရုံးအုပ်ချုပ်ရေးနှင့်ပတ်သက်သည့် ယခုပြုလုပ်သော သင်တန်းသည် ၅ နှစ်အတွင်း ဒုတိယ အကြိမ်ဖြစ်ပြီး ပထမ အကြိမ်သည် ၂၀၀၈ ခုနှစ်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment