Tuesday, April 9, 2013

ဝိုင်းမော် ဒုက္ခသည်စခန်းသို့ ကြက်ခြေနီ အသင်းမှ ရေသန့်များကူညီပေး

မြစ်ကြီးနားခရိုင် ၀ိုင်းမော် ဒုက္ခသည်စခန်း တခု။


ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ဒုက္ခသည်စခန်းမှ သောက်သုံးရေမလုံလောက်မှု အခက်ခဲဆုံးရင်ဆိုင်နေရသော မိုင်းနား (Mung Na) ကချင်နှစ်ခြင်းခရစ်ယာန် ဖွံ့ဖြိုးရေးခြံရှိ ဒုက္ခသည်များကို ယနေ့တွင် မြစ်ကြီးနားမြို့ ကြက်ခြေနီအသင်းမှ သောက်ရေသန့်များ လာရောက်အကူအညီပေးခဲ့သောကြောင့် ၀မ်းသာအားရဖြစ်နေကြသည်။


ထိုသို့ကူညီပေးနေသော အဖွဲ့များသည် ဒိန်းမတ်နိုင်ငံ ကြက်ခြေနီအသင်းနှင့် မြစ်ကြီးနား ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ သောက်ရေသန့်များကို ကူညီပေးခဲ့ခြင်းဖြစ်သည်ဟု ဒုက္ခသည်စခန်းမှသိရသည်။

ရေသန့်များထုတ်လုပ်မှုကို ၀ိုင်းမော်မြို့နယ် စက်လှေဆိပ်တွင် ရေသန့်စက်တင်၍ ရေတွင်းမှ ရေများကို သန့်စင်ထုတ်လုပ်ကာ ယနေ့တွင် ကား ၁ စင်းဖြင့် စခန်းသို့ပို့ပေးခဲ့ကြောင်း ၀ိုင်းမော် (Waimaw) ကချင်နှစ်ခြင်း ခရစ်ယာန်ဖွံ့ဖြိုးရေးခြံ ဒုက္ခသည်စခန်းမှ တာဝန်ခံ ဆရာနော်လာ (Sara Naw La) KNG ကချင်သတင်းဌာန သို့ပြောသည်။

"စီမံချက်ကာလက  ၃ လထိဖြစ်မယ်။  မိုးတွင်းရောက်တာနဲ့ ပြန်ရပ်မယ်တဲ့။ နေ့တိုင်းလာမယ် လူ ၁ ယောက်မှာ သောက်ရေသန့် ၅ လီတာနှုန်းကူညီမယ်တဲ့ အရမ်းကျေးဇူးတင်တယ်။ ကျနော်တို့မှာ ရေက အရမ်းခက်တော့ ရေတွင်း ၁ ခုထဲက လူ ၁၅၀၀ သုံးနေရတော့  ည  ၁၂ နာရီနဲ့ မနက် ၃ နာရီ ကြားမှာပဲ ရေခတ်တာနားတယ်။ ကျန်တဲ့ချိန်မှာက တစ်နေ့လုံး ရေခတ်နေရတော့ အရမ်းခက်တယ် အခုလို ရေကူညီပေးတော့ အရမ်းဝမ်းသာတယ်" ဟု ဆရာနော်လာ (Sara Naw La) ပြောသည်။

၎င်းဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၁၅၀၀ ၀န်းကျင်ရှိပြီး တစ်ရက်တွင် ဂါလံ ၁၈၀၀ နှုန်းဖြင့် ၀ိုင်းမော် စည်ပင်ရေတိုင်ကီကားဖြင့် ဒုက္ခသည်စခန်းအတွင်းသို့ လိုက်လံကူညီပေးနေသည်ဟု ဆိုသည်။

"ဗူးနဲ့တော့မဟုတ်ဘူး သန့်စင်ပြီးသားရေကို ကားနဲ့လာပို့တာ။ ဒီဒုက္ခသည်စခန်းရောက်တော့ ကျနော်တို့က လှောင်ထားပြီး ရေလှောင်ကန်မှတဆင့် သောက်ရေကို ပြန်ယူရတယ်။ ရေတင်ကားက ၁ ခါတင်ရင် ဂါလံ ၈၀၀ ၀န်းကျင်ဆန့်တယ်။ ကျနော်တို့ Camp မှာ ဒီနေ့ ဂါလံ ၂၀၀၀ ကျော် ကား ၃ စင်းရှိပြီ။ နက်ဖြန်တော့ ကား ၂ စင်း ပြန်ပို့မယ်ပြောတယ်"

အဆိုပါ ကြက်ခြေနီအသင်းမှ ၀ိုင်းမော်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်စခန်း ၁၅ ခုတွင် သောက်ရေသန့်များကို ၃ လ ကူညီသွားမည်ဖြစ်ပြီး ယနေ့တွင် ဒုက္ခသည် စခန်း ၅ ခုသို့ ကူညီပေးခဲ့ကြောင်းသိရသည်။

သောက်ရေအခက်ခဲရင်ဆိုင်နေရသော အဆိုပါ ကချင်နှစ်ခြင်းခရစ်ယာန်ဖွံ့ဖြိုးရေးခြံသို့ ဧပြီလအတွင်းတွင်လည်း ၀ိုင်းမော်နယ်နှစ်ခြင်းအသင်းတော်မှ ဒုက္ခသည် ၆၀ ကျော်ခန့် ထပ်မံပြောင်းရွှေ့လာမည်ဖြစ်သည်။

ထိုသို့လူဦးရေများကာ ၎င်းဒုက္ခသည်စခန်းတွင် သုံးရေ သောက်ရေများနေ့စဉ်ခက်ခဲနေချိန် ယခုကဲ့သို့ သောက်ရေသန့်များအကူအညီရရှိလာသောကြောင့် ဒုက္ခသည်စခန်းမှ ၀မ်းမြောက်ဝမ်းသာ ရေကားကိုကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group

0 comments:

Post a Comment