Wednesday, April 10, 2013

ယခုနှစ်သင်္ကြန် လိုင်ဇာမြို့တွင်လည်း KIO မှ ကျင်းပမည်

KIO ဗဟို ဌာနချုပ် လိုင်ဇာတွင် မြင်ရတဲ့ ၂၀၁၃ သင်္ကြန်ပွဲတော် ပိုစတာ။


ကချင်ပြည်နယ် တရုတ်နယ်စပ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် သင်္ကြန်နှစ်သစ်ကူးပွဲတော်ကို လာမည့် ဧပြီလ (၁၄) ရက်နေ့မှ (၁၆) ရက်နေ့ထိ ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း လိုင်ဇာအုပ်ချုပ်းရေးမှူး ထံမှသိရသည်။


နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို လိုင်ဇာမြို့ရှိ မုန်လိုင်ချောင်းအနီး  golf လေ့ကျင့်ရေးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။

ခရစ်ယာန် ကချင်တိုင်းရင်းသားများ အများစုနေထိုင်သောကြောင့် ယခင်နှစ်များတွင် သင်္ကြန်ပွဲတော်ပြုလုပ်လေ့ မရှိသော်လည်း ယခုတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မတော်တစ်ခုအတွင်း တိုင်းရင်းသားပေါင်းစုံ ပါဝင်လာပြီဖြစ်သောကြောင့် ရိုးရာပွဲတော်အရကျင်းပရန် ပြင်ဆင်လာခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူး KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ဒီနှစ်က ပြည်ထောင်စုတပ်မတော် အသွင်ရှိလာပြီး ကျောင်းသားတပ်၊ ရခိုင်တပ်၊ ကိုးကန့်တပ်၊ တအောင်း (ပလောင်) တပ်၊ ချင်းတပ်၊ ရှမ်း MHH (KIA အောက် ပြည်သူ့စစ် Mungshaw Hpyen Hpung)၊ ရှမ်း MKM (KIA အောက် ပြည်သူ့စစ် Mungshawa Kanawn Mazum) တပ်တွေရှိကြပြီ။ ဒီညီအစ်ကိုတို့နဲ့ အတူတကွ ပင်ပန်းဆင်းရဲစွာ စစ်ပွဲဆင်နွဲကြတယ်၊ အတူလက်တွဲ တော်လှန်ကြတယ်၊ ဒီတော့ အခြားဘာသာ မတူပေမယ့်လည်း အားပေးတာပါ” ဟု လိုင်ဇာအုပ်ချုပ် ရေးမှူး ဦးဂရဲန်နော်အောန် (Kareng Naw Awn) ကပြောသည်။

သင်္ကြန်ပွဲတော်ကျင်းပရန် သုံးစရိတ်အတွက် ဘတ်ဂျတ်ကို KIO Zai Ninggawn မဟာဗျူဟာထောက်လှမ်းရေးရုံးမှ ကျပ် (၁၅)သိန်း ချမှတ်ပေးမည်ဖြစ်ပြီး လိုင်ဇာ ပြည်သူများ၊ တပ်ပေါင်းစုများ အားလုံးလည်းပါဝင်ထည့်ဝင်ကာ လိုအပ်သောနေရာတွင် အတူတကွ သုံးစွဲကြမည်ဖြစ်ကြောင်း ပြောသည်။

“သင်္ကြန်ဆိုတာက မြန်မာနိုင်ငံထဲမှာ အကြီးဆုံးပွဲဖြစ်တယ်၊ ဖြစ်ရုံတင်မကဘူး မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး ပွဲတော်လည်းဖြစ်တယ၊် ဒါကြောင့်အခြားဘာသာမတူတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ ညီအစ်ကိုများကလည်း အိမ်ပြန်ချင်ကြမယ်၊ လွမ်းကြမယ် ဆိုတော့ ဒီမှာလည်းကိုယ့်ရဲ့ရိုးရာအလိုက် ပွဲတော်တွေရှိနေစေချင်ကြတယ်” ဟု ဦးဂရန်နော်အောန် (Kareng Naw Awn) က ပြောသည်။

ထိုပွဲတော်တွင် တီးဝိုင်းအဖွဲ့များ၊ တပ်ပေါင်းစုမှ အစီစဉ်များ နှင့် Wunpawng Ning Ja (WNJ) ကချင်ရိုးရာ အကအဖွဲ့များကလည်း တင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သောနှစ်တွင် နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို လိုင်ဇာမြို့ ABSDF ကျောင်းသားတပ်မတော် များရှိရာ တပ်စခန်း၌သာ သီးသန့် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် လိုင်ဇာမြို့တွင်း လူထုနှင့်ကျင်းပမည်ဖြစ်သောကြောင့် ဒေသခံများလည်း စိတ်ဝင်စားနေကြသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment