Friday, September 11, 2015

NCA ညှိနှိုင်းနေချိန် ကချင်ဒေသတွင် အစိုးရ ပြည်သူ့စစ်သင်တန်း ပေးနေ


အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် ချုပ်ဆိုနိုင်ရေး နောက်ဆုံးအဆင့် ကြိုးပမ်းနေချိန် ကချင်ဒေသများတွင် အစိုးရတပ်က ဒေသခံပြည်သူများကို ယခုအပတ်မှ အခြေခံစစ်ပညာသင်တန်းများ ပေးနေပါသည်။
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဒေသခံများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လက်အောက် ၀ိုင်းမော်မြို့အခြေစိုက် ခလရ(၅၈)နှင့် ရွှေညောင်ပင်အခြေစိုက် ခမရ(၃၂၁) တပ်ရင်းစခန်း(၂)ခုတွင် (၂)ပတ်ကြာ ပြည်သူ့စစ်သင်တန်းကို စက်တင်ဘာ(၈)ရက်နေ့မှ စတင်ပြုလုပ်နေသည်။

ဒေသခံများပြောဆိုချက်အရ ၎င်း စခန်း(၂)ခုတွင် သင်တန်းတက်ရောက်နေသူများ (၁၀၀)ကျော်ရှိနေပြီး အများစုသည် ဒေသခံ ရှမ်းနီအမျိုးသားဖြစ်ကြာင်း သိရသည်။

ဝိုးမော်မြို့နယ် ဒေသပြည်သူ့စစ်ကော်မတီအဖွဲ့ မှ မိုင်းနား၊ ဂွေထု၊ ဟိုးလှော်နှင့် နောင်တာလော အစရှိသည့် ကျေးရွာ(၄)ရွာမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများ၊ ရွာလူကြီးများကို အဆိုပါ သင်တန်းအတွက် မိုင်းနား ကျေးရွာတွင် သြဂုတ်လ(၃၁) နေ့က တရားဝင်စာဖြင့် အစည်းအဝေးဖိတ်ခေါ်ခဲ့သည်။

ယခု လုပ်ရပ်သည် အစိုးရ၏ ဒေသခံ ကချင်နှင့်ရှမ်းနီကြား လူမျိုးရေးပြဿနာဖြစ်အောင် သွေးခွဲဖန်တီးခြင်းဖြစ်ကြောင်းနှင့် ၎င်း နောက်ကွယ်မှ အဓိက ကြိုးကိုင်သူနှစ်ဦးမှာ မပခ တိုင်းမှူးဟောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး ဦးအုန်းမြင့်နှင့် ယခင် စစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ဒု-ဥက္ကဌ ဦးသိန်းဇော် တို့ဖြစ်သည်ဟု ဒေသခံများ ဆိုပါသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တပ်မဟာ(၄) ဒေသတွင်လည်း ပြည်သူ့စစ်သင်တန်းများပေးရန် အစိုးရတပ်က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာလူကြီးများကို အစည်းအဝေး ဖိတ်ခေါ်ဆွေးနွေးမှုများ ပြီးခဲ့သည့် (၁)ပတ်ကျော်မှ ပြုလုပ်နေကြောင်း သိရသည်။

လားရှိုး၊ ကွတ်ခိုင်နှင့် မူဆယ် မြို့နယ် (၃)ခုရှိ ဒေသပြည်သူ့စစ်တပ်ဖွဲ့များအတွက် အစိုးရတပ်က လက်နက် ၅၀၀၀ ထုတ်ပေးရန် ပြောဆိုဆွေးနွေးမှုများလည်း ရှိသည်ဟု ဒေသခံများပြောဆိုနေကြပါသည်။

၂၀၁၁ အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားပြီးနောက် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်များအတွင်း ဖြစ်ပွားသောတိုက်ပွဲများတွင် အစိုးရမှဖွဲ့စည်းထားသော ရှမ်းနီပြည်သူ့စစ်တပ်ဖွဲ့များလည်း ပါဝင်ကြောင်းသိရသည်။

NCA ကိစ္စ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များ ကြား စက်တင်ဘာ(၉)ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ရန် ပျက်ကွက်ပြီး အစ္စရေးနိုင်ငံသို့ စစ်လက်နက်ပစ္စည်း ကြည့်ရှုသည့်ခရီး ပြုနေပါသည်။

နေပြည်တော် ဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန် က အောက်တိုဘာလ ပထမအပတ်မှာ NCA စာချုပ် လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့သည်။

NCA လက်မှတ်ထိုးရာ၌ အစိုးရ အသိအမှတ်မပြုသော ကျန်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့(၆)ဖွဲ့လည်း ပါဝင်ရန် တိုင်းရင်းသား ခေါင်းဆောင်များ တင်ပြညှိနှိုင်းနေချိန် ကချင်၊ ပလောင် (တအောင်း)နှင့် ကိုးကန့် ဒေသများတွင် အစိုးရတပ်နှင့်တိုက်ပွဲများ တဖြည်းဖြည်း ပြင်းထန်လာနေပါသည်။


0 comments:

Post a Comment