Saturday, September 19, 2015

KIA အမာခံ စခန်း ကို အစိုးရတပ် လက်နက်ကြီးဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်



ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကို ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA အမာခံ စခန်း လွယ်ဂျုံဘွမ် ကို မြန်မာအစိုးရတပ် လက်နက်ကြီးများဖြင့် ၂ရက် ဆက်တိုက် ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အစိုးရတပ်များသည် ယိန်းဆိုင်(၀ိန်းဆိုင်) ကျေးရွာအနီး လွယ်လောမ်ဘွမ်တောင်(Loi Lawm Bum) ကနေ ၁၂၀မမ စိန်ပြောင်းများဖြင့် လွယ်ဂျုံဘွမ်တောင် KIA အမာခံ စခန်းကို ယမန်နေ့ထိ ၂ရက်ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ဆိုပါသည်။

လက်နက်ကြီး ပေါက်ကွဲသံများကို နမ်တောင်းကျေးရွာမှ ကြားနေရပြီး တစ်နေ့ပစ်ခတ်သော လက်နက်ကြီး အကြိမ်ပေါင်း ရာချီရှိကြောင်း ဒေသခံများဆိုသည်။

စစ်ရေး မဟာဗျူဟာကျသော လွယ်ဂျုံဘွမ်တောင်(Loi Jung Bum) သည် မုန်ဘော်(Mung Baw)နှင့် မုန်းကို(Mong Ko) ကြား တည်ရှိသည်။

စက်တင်ဘာ ၁၁ ရက်မှစပြီး KIA တပ်ရင်း(၃၆)နှင့်(၃၈) အခြေစိုက်သော မုန်းကို ဒေသတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် စစ်ရေးလှုပ်ရှားနေသော အစိုးရစစ်ကြောင်းများနှင့် နေ့တိုင်းလိုလို တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

စက်တင်ဘာ ၁၅ ရက်ညမှာလည်း ကား(၁၆)စီးခန့် အစိုးရတပ် စစ်ကူများကို မန္တလေး-မူဆယ် တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် မုန်းကို ဒေသသို့ ပို့ထားခဲ့သည်။

ယခုလို စစ်ကူများရောက်လာပြီး နှစ်ရက်အကြာ KIA စခန်းများရှိရာ လွယ်ဂျုံဘွမ်သို့ လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA ကိစ္စ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ထိပ်သီးခေါင်းဆောင်များကြား စက်တင်ဘာ(၉)ရက်နေ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် အစိုးရတပ်နှင့် KIA ကြား ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲများ တဖန် ပြင်းထန်လာနေပါသည်။

0 comments:

Post a Comment