Wednesday, September 9, 2015

KDP ပါတီ လူထု မဲဆွယ်စည်းရုံးရေး စတင်

Gumgrawng Awng Hkam, KDP ခေါင်းဆောင်
ကချင်ဒီမိုကရက်တစ်ပါတီ KDP သည် လာမည့် နိုဝင်ဘာလ(၈)ရက်နေ့ ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရန် ကချင်ပြည်နယ်အတွင်း လူထု မဲဆွယ်စည်းရုံးရေး campaign ကို စတင်လိုက်သည်။


ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ အားလုံး ၎င်းတို့နေရာဒေသ အသီးသီးတွင် လူထု မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ယမန်နေ့ စက်တင်ဘာ(၈)ရက်မှ စတင်လိုက်ပြီဖြစ်ကြောင်း KDP ပါတီ ဥက္ကဌ ဦး ကွမ်ဂေါင် အောင်ခမ်း ကချင်သတင်းဌာန KNG သို့ ပြောသည်။

KDP က ကချင်ပြည်နယ်အတွင်း နိုင်ငံရေးပါတီများ ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် (၁၈)နေရာမှ (၇)နေရာ၊ အမျိုးသားလွှတ်တော် (၁၂)နေရာမှ (၃)နေရာနှင့် ကချင်ပြည်နယ်လွှတ်တော် (၃၆)နေရာမှ (၂၂)နေရာ စုစုပေါင်း(၃၂)နေရာ အတွက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ကချင်ပြည်နယ်ရှိ မြို့နယ်(၁၈)ခုတွင် (၁၃)မြို့နယ် (မိုးညှင်း၊ မိုးကောင်း၊ ရွှေကူ၊ နောင်မုန်းနှင့် ခေါင်လန်ဖူး မြို့နယ်များမှ အပ ကျန်မြို့နယ်အားလုံး) တွင် KDP ယှဉ်ပြိုင်မည်ဖြစ်သည်ဟု ဦး အောင်ခမ်း ပြောသည်။

KDP က ကချင်ပြည်သူများ လိုလားချက်နှင့် တိုက်ရိုက်သက်ဆိုင်နေသည့် ၎င်း၏ စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေးနှင့် သံယံဇာသ စီမံခွဲဝေရေး ပေါ်လစီများကို ရှေ့တန်းတင် လူထု မဲဆွယ်စည်းရုံးသွားမည်ဖြစ်သည်ဟု ဆိုပါသည်။

နိုင်ငံတော် အာဏာရ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သို့မဟုတ် စစ်တပ်နှင့် ဆက်နွယ်မှု ကင်းသော ကချင်ပြည်နယ် ကချင်အမျိုးသား နိုင်ငံရေးပါတီ(၃)ခုတွင် KDP သည် အခြား နိုင်ငံတော် အဆင့်နှင့် ပြည်နယ် အဆင့် ရှိ ပါတီပေါင်း (၁၀)ခုကျော်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထိုကြောင့် ရွေးကောက်ပွဲ အောင်မြင်ရေး အလားအလာပေါ် ပါတီ ဥက္ကဌ ဦး အောင်ခမ်း က ယခုလို သုံးသပ်ပြောဆိုပါသည်။

“ဘယ်လောက်နိုင်မလဲ ပြောဖို့ ခက်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုတွေ ဘယ်လောက် ကျနော်တို့ကို ထောက်ခံကြမယ်။ ဘယ်လောက် ကျနော်တို့ကို အားပေးကြမယ် ဆိုတဲ့ကိစ္စပေါ် အဓိက ကျလိမ့်မယ်။ ကျနော်တို့ များများနိုင်မယ်လို့ တွက်ထားတယ်။ ဘာဖြစ်လို့လဲ ဆိုရင် ပြည်သူ့လူထုအတွက် ကျနော်တို့ ကချင်ဒီမိုကရက်တစ်ပါတီ ဟာ အလုပ်လုပ်ပေးမယ့် ပါတီ ဖြစ်တာကြောင့် လူထုတွေ ထောက်ခံအားပေး ကြမယ်လို့ ကျနော်တို့ ယုံကြည်တယ်။”

မြစ်ကြီးနားမြို့တွင် စက်တင်ဘာ(၁)ရက်မှ (၅)ရက် ထိ ပထမ အကြိမ် ကျင်းပသည့် KDP ပါတီ မျက်နှာစုံညီအစည်းအဝေး တွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င် (၁၇)ဦးနှင့် ဗဟိုကော်မတီ ၀င် (၅၅)ဦး ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ပါတီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် နေရာ အတွက် ဆွမ်ပရာဘွမ်မြို့နယ်မှ ယှဉ်ပြိုင်မည့် ပါတီ ဥက္ကဌ ဦး အောင်ခမ်း သည် ယနေ့ မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်သို့ လူထုစည်းရုံးရေးခရီး ထွက်ခွာသွားမည်ဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ လူထုစည်းရုံးရေးများ စတင်နေသော်လည်း ၂၀၁၁ ခုနှစ်မှ မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကြား ပြန်လည် ဖြစ်ပွားသော ပြည်တွင်းစစ်ကြောင့် စစ်ဒဏ်ခံနေရသည့် ကချင်ပြည်သူလူထု အများစု က တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကိစ္စပေါ် ပိုပြီး စိတ်ဝင်စားမှုရှိနေကြောင်း ကချင်နိုင်ငံရေး သုံးသပ်သူများ ဆိုပါသည်။


0 comments:

Post a Comment