Wednesday, October 15, 2014

ဖားကန့်တွင် အစိုးရစစ်တပ်နှင့် KIA တပ်ကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွား နိုင်

ဖားကန့် ကျောက်စိမ်းမှော်မှ KIA တပ်ရင်း ၆ စစ်သား ၂ ဦး

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်တွင် အစိုးရစစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ ကြား စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ်များ ပစ်ခတ်တိုက်ခိုက်ရန် အသင့်အနေအထားဖြစ်နေကြောင်း သိရပါသည်။

ဖားကန့် အစိုးရစစ်တပ် တပ်မ ၆၆ ဗျူဟာမှူးမှ တပ်ရင်း ၆ နယ်မြေ အောင်ဘာလီမှော်ရှိ KIA တပ်ဖွဲ့အား ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် ည ၆ နာရီ နောက်ဆုံးထား ဆုတ်ခွာပေးရန် သတိပေးခဲ့သည်ကို KIA ဗဟိုဌာနချုပ်က ဆုတ်ခွာမပေးရန် ညွှန်ကြားထားသောကြောင့် နှစ်ဖက်တပ်ဖွဲ့များကြား အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေခြင်းဖြစ်သည်ဟု လိုင်ဇာဗဟိုဌာနချုပ် KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အင်ဖန်နော်ဘို ပြောသည်။

အဆိုပါ KIA တပ်များကို ဆုတ်ခွာပေးရန် သတိပေးချက်နှင့်ပတ်သက်၍ ‘ဗဟိုအစိုးရမှ KIO အား သီးခြား အသိပေး အကြောင်းကြားခြင်း မရှိခဲ့ကြောင်း၊ နောက်ပြီး KIO ဗဟိုဌာနချုပ်မှ မြစ်ကြီနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း သူတို့မညွန်ကြားဘူး’ ဟု သာ ပြန်လည်အကြောင်းပြန်ခဲ့သည်ဟု ဒုဗိုလ်မှူးကြီးနော်ဘို KNG ကချင်သတင်းဌာန သို့ ပြောသည်။

ထိုသို့တုံ့ပြန်သော်လည်း လက်ရှိအခြေအနေသည် အောင်ဘာလီမှော် ရှိ မိမိ KIA တပ်များကို ဆုတ်ခွာမပေးရန် ဌာနချုပ်မှညွှန်ကြားထားချိန် အစိုးရတပ်ဖက်မှ စတင်လှုပ်ရှားတိုက်ခိုက်လာလျှင် တိုက်ပွဲဖြစ်ပွားနိုင်သည်ဟု ဒုဗိုလ်မှူးကြီးနော်ဘို KNG ကချင်သတင်းဌာန သို့ပြောသည်။

တိုက်ပွဲအပြင်းအထန်ဖြစ်လာဖွယ်ရှိသောကြောင့် လုံးခင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် က ဆယ်ဘီး ကား ၅ စီးဖြင့် အောင်ဘာလီ ရွာသူရွာသားများကို ယနေ့ နံနက် ၈ နာရီမှ သွားရောက်ကြိုပေးနေကြောင်း အသင်းတော်ဆရာများမှတဆင့် သိရသည်။

ကျောက်စိမ်းတူးဖော်ရေး မှော်ရွာတခုဖြစ်သည့် အောင်ဘာလီမှော်သည် ကန်ဆီးနန်းတော် (Ginsi Hkaw) အနီးတွင်တည်ရှိကာ ဒေသခံများ အိမ်ခြေ ရာပေါင်းများစွာရှိကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့ ၁၆ ဖွဲ့ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် ၆ ကြိမ် တိုင်အောင် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း သဘောတူညီမူ မရရှိသေးကြောင်း သိရပါသည်။

ယခုရက်ပိုင်း တိုင်းရင်းသားဒေသအတွင်း အစိုးရစစ်တပ်နှင့် တိုက်ခိုက်မူများသည် ရှမ်း နှင့် ကရင်ပြည်နယ်တို့တွင် ပိုမိုဖြစ်ပွားနေကြောင်းလည်း စုံစမ်းသိရသည်။


0 comments:

Post a Comment