Monday, October 6, 2014

မူးယစ်ဆေးဝါး အကြီးစားဖြန့်ဝေနေသူများကို အသင်းတော်မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းမိ

မူးယစ်ဆေးဝါ ရောင်းနေတဲ့ အမျိုးသမီးတဦး၊ ဖားကန့် ကျောက်စိမ်းမှော်၊ ကချင်ပြည်နယ်

မူးယစ်ဆေးဝါး လွပ်လပ်စွာ ရောင်းဝယ်ဖောက်ကားနေသော ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ခရစ်ယာန်အသင်းတော်များဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့များ ဦးဆောင်၍ မူးယစ်ဆေးဝါးဖောက်ကားသည့်ဒိုင်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် မှော်ဝမ်းတွင်အကြီးစားရောင်းဝယ်နေသည့် မာမီအောင် ဆိုသူနှင့် မှော်မောလယန်ရွာ (Mawmau Layang) ရှိ အကြီးဆုံး မူးယစ်ဆေးဝါးရောင်းဝယ်ရေးပြုလုပ်နေသည့် ဂိုဏ်း တစ်ခုကို အောက်တိုဘာ ၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့ကတည်းက အစိုးရ ရဲနှစ်ဦးဖြစ်သည့် အသက် ၃၆ နှစ် ဒုတပ်ကြပ် သန့်စင်ဦးနှင့် တပ်ကြပ် တစ်ဦး၊ အသက် ၅၀ နှစ် မမော် ခေါ် ခင်ဋ္ဌေးမြင့်နှင့် ဆင်ကြီးမ တို့ကိုဖမ်းဆီးခဲ့ပြီး ၎င်းတို့၏မူးယစ်ဆေးများကို ပို့ဆောင်ပေးသူ အင်ခွမ်လုပါ ကိုလည်း စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

မှော်မောလယန်နှင့် ၄ နေရာတွင်ဖြန့်ချီနေသည့် အကြီးဆုံးရောင်းဝယ် နေသူ မမိုးဆိုသူနှင့် အပါတော် မောင်ဝိုင်း ဆိုသူထံမှ ယာမဆေးအလုံး ၅၉၀ ကျော်လည်း ဖမ်းဆီးခဲ့ပြီး အချို့မှာ ဘိန်းဖြူ ပင်နီစလင် ၂ လုံးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ပြောသည်။

ထိုသူတို့ကို ဖားကန့်မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းဆီးခဲ့ချိန် ဖားကန့်မြို့နယ်ရှိ အစိုးရအထူး မူးယစ်ရဲတပ်ဖွဲ့ကိုလည်းခေါ်ပြီး ၎င်းတို့နှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အသင်းတော် မူးယစ်တိုက်ဖျက်ရေးခေါင်းဆောင် မရန်နော်ဒင့် KNG ကချင်သတင်းဌာန သို့ပြောသည်။

၎င်းတို့ ဖြန့်ချီရာနေရာများသည် ဆွတ်ငိုင်ယန် (Sut Ngai Yang)၊ ဖားကန့်င်္သချိုင်းသွားလမ်း နှင့် ဆွတ်ဂျာကောင် (Sut Ja Kawng)၊ မရှီကထောင် (Mashi Kahtawng) တို့တွင်ဖြစ်ကြောင်းနှင့် ၄င်းမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများတွင် သက်တမ်း နှစ် ၂၀ ကျော်ထိရှိကြောင်း သိရှိရသည်။

ထို့အတူ မြစ်ကြီးနားမြို့နယ် ဂျော်မဆတ်နှစ်ခြင်းခရစ်ယာန်အသင်းတော် မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှလည်း အောက်တိုဘာ ၁ ရက်နေ့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ၄ ဦးအား ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးများ အလွန်အကျွံပြန့်နှံ့လျက်ရှိပြီး ထိရောက်စွာအရေးယူမှုမရှိသောကြောင့် ခရစ်ယာန်အသင်းတော်များဦးဆောင်ကာ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများကို ဖမ်းဆီးကာ အစိုးရထံသို့အပ်နှံခြင်း၊ သုံးစွဲသူများကိုလည်း သတိပေးခြင်း၊ ဆေးဖြတ်ပေးနေခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ထိရောက်စွာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လုပ်ဆောင်လာသောကြောင့် မူးယစ်ဆေးဝါးမှုများ နည်းပါးလာကာ သုံးစွဲသူများအားဖြတ်ပေးရန် အဆောက်အအုံနှင့် ကုန်ကျမှုများအတွက် အကူညီ လိုအပ်နေသည်ဟု သိရှိရသည်။

ကချင်ပြည်နယ်အနှံ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပြင်းထန်စွာလုပ်ဆောင်ရာတွင် အစိုးရဖက်မှ ဟန့်တားမှုများရှိပြီး မေးမြန်းစစ်ဆေးမှုများအချို့နေရာတွင်ရှိသည်ဟု ဒေသခံများပြောသည်။

0 comments:

Post a Comment