Thursday, October 2, 2014

ကချင်ဒေသတိုက်ပွဲများ ရပ်နေသော်လည်း ဒုက္ခသည်များပြန်နိုင်မည့် အခြေနေမရှိသေး

KIO ထိန်းချုပ်ဒေသ ဗန်းမော်ခရိုင် Je Yang ဒုက္ခသည်စခန်းမှ ကလေးငယ် တဦး

ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့်  အစိုးရတပ်ဖွဲ့များကြား နှစ်ဖက်တင်းမာမှု ပဋိပက္ခအရှိန် လျော့ကျလာပြီး ငြိမ်သက်လာသည်ဟုဆိုနိုင်သော်လည်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးထိ မျှော်လင့်စရာ အခြေအနေ မဟုတ်သေးကြောင်း ဒုက္ခသည်တာဝန်ရှိသူများက ပြောသည်။

စစ်ရေးအခြေအနေသည် နှစ်ဆန်းပိုင်းထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ရာမှ နှစ်ဖက်ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းကာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်လာပြီးနောက် ယခုချိန်ထိ တိုက်ပွဲများရပ်တန့်၍ ငြိမ်းချမ်းလာသည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များက သုံးသပ်နေကြသည်။

အဆိုပါသုံးသပ်ချက်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နယ်မြေတွင်ခိုလှုံနေသော ဒေသခံများက တုံ့ပြန်မှုမရှိသေးသော်လည်း ကချင်ပြည်နယ်အစိုးရဖက်က ၄င်းတို့နယ်မြေရှိအချို့ဒုက္ခသည်များကို နေရပ်ပြန်ရန် တိုက်တွန်းမှုများ၊ စီစဉ်ပေးခြင်းများပြုလုပ်နေကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီဥက္ကဌ ဆလန်ကဘာ ဒွဲပီဆာ ကပြောသည်။

“ကချင်ပြည်နယ်ဝန်ကြီးချုပ်ငန်ဆိုင်း က ဗန်းမော်ခရိုင် လွယ်ဂျယ်မှာရောက်တုံး က လွယ်ဂျယ် IDP တွေကို သူပြောတာကတော့ ပြန်ချင်ရင်ပြန်ပြင်ရေးတောင်းဆိုပြပါ ဆိုပြီးမှဒီလိုဖွင့်ပြောတာပေါ့။ ဒီလိုဆိုတော့ IDP တွေက ကိုယ့်ဒေသပြန်ချင်တယ်ဆိုရင် စာတင်လိုက်ပါလို့ ပြောတော့ သူတို့စာတင်လိုက်တယ်။ ဒီ စင်လွမ်ကြီးဖက်မှာ ဆိုရင် ၃ ရွာလောက်တော့စာရင်းပေးတယ်လို့ကြားတယ်။ အစိုးရကနေဆိုရင်တော့ ပြန်နေခိုင်းနေတာပေါ့။ လူထုတွေက သိပ်ပြီးမှလုံခြုံမှုသေသေချာချာ မရှိတာတို့ ဘာတို့ တင်ထားတယ်တဲ့”

နှစ်ဖက်ငြိမ်းချမ်းရေးဆွေးနွေးမှုများ တိကျသည့်သေချာသော ရလဒ်မရသေးသည့်အချိန်ထိ KIO နယ်မြေဖက်မှ ဒုက္ခသည်များအတွက်မူ နေရပ်ပြန်ရန်အခြေအနေမရှိသေးသကဲ့သို့ အစိုးရခွင့်ပြုချက်ဖြင့် နေရပ်ပြန်မည့် ဒေသခံများအတွက်လည်း စိုးရိမ်မှုရှိကြောင်း ဆလန်ကဘာဒွဲပီဆာ က ဆက်ပြောသည်။

“အစိုးရဖက်က ပြန်ခိုင်းပေမယ့် တချို့က KIO နဲ့အစိုးရဆွေးနွေးပွဲမှာလည်း တကယ့်စိတ်ချလက်ချ မရှိတဲ့အတွက်ကြောင့်မို့ ကျွန်တော်တို့က ပြန်ဖို့ ချက်ချင်းတော့ ဆုံးဖြတ်ချက်မပေးနိုင်ဘူးလို့ ပြန်တင်ထားတယ်လို့ကြားထားတယ်”

ထို့ပြင် ကချင်ဒေသ ခရစ်ယာန်အသင်းတော်များတွင် ခိုလှုံနေသော ဒုက္ခသည်များသည်လည်း နေရပ်ပြန်ရေးအတွက် မျှော်လင့်နေသော်လည်း ယခုအချိန်မဖြစ်နိုင်သေးကြောင်း ဒုက္ခသည်များပြောသည်။

ဒုက္ခသည်များသည်  ကချင်ဒေသရှိ အစိုးရစစ်တပ်များ ပြန်ရုပ်သိမ်းကာ ငြိမ်းချမ်းရေးတည်ဆောက်မှု အခြေအနေကို စောင့်ကြည့်ပြီး ‘ပြန်ရေး မပြန်ရေး’ ကို ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ဒုက္ခသည်တာဝန်ခံများမှ သိရသည်။

အဓိက လက်ရှိအခြေအနေတွင် ဒုက္ခသည်စခန်းတွင်ခိုလှုံနေသောဒေသခံများအတွက် နေရပ်ပြန်ခွင့်မရသေးသည့်ချိန်ထိ လိုအပ်သည့်အခက်ခဲများကို ဖြည့်ဆည်းပေးရန် အရေးကြီးကြောင်း မိုင်ဂျာယန်ဒုက္ခသည်စခန်းများကိုကြည့်ရှုနေသော Wunpawng Ning Htoi (WPN) အဖွဲ့တာဝန်ခံ ဒေါ်မေရီတောမ် က ပြောသည်။

ဒီဒုက္ခသည်ကလည်း အခုဆိုရင် စခန်းထဲမှာနေရတာ ၃ နှစ် ကျော်သွားပြီဆိုတော့ အခုနေနေတဲ့တဲအိမ်ကတော့ နောက်တမိုးကိုခံနိုင်ရည်မရှိလောက်တော့ဘူး။ ဘာလဲဆိုတော့ အစလုပ်ထားကတည်းက ယာယီဆိုတော့ သုံးထပ်ပြားလေးတွေကလည်း ၃ မိုးကိုကျော်ခဲ့ပြီဆိုတော့ ဆွေးမြည့်တာရှိနေပြီပေါ့နော်။ အခုစိုးရိမ်တဲ့အချက် ဆောင်းဝင်လာမယ်ဆို အချမ်းဒဏ်က လိုသေးတယ်ပေါ့နော် အဲလိုမျိုးလေးတွေ အခက်ခဲရှိတယ်။ အဲဒါကြောင့်မို့လို့ ဘာပဲပြောပြော သတိရပေးဖို့လေ ဒီဒုက္ခသည် ၁ သိန်းကျော်ကို။

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ကြား ငြိမ်းချမ်းရေးအတွက် နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်နေခြင်းကြောင့် တိုက်ပွဲများ လျှော့ကျသွားသည်ဟု ဆိုရမည်ဖြစ်သော်လည်း ကချင်ဒေသရှိ အစိုးရစစ်တပ်များသည် ရုပ်သိမ်းသွားခြင်းမရှိ နေရာယူထားဆဲဖြစ်ကြောင်း သိရသည်။

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း အတွက် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT တို့ စက်တင်ဘာလ ၂၂ မှ ၂၆ ရက်နေ့ထိ တွေ့ဆုံဆွေးနွေးမှုတွင်လည်း တပ်ပိုင်းဆိုင်ရာညှိနှိုင်းမှုတွင် အစိုးရနှင့် ပြေလည်မှု မရရှိသေးကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း သဘောတူညီမှု မရသေးသဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ရန် မဖြစ်နိုင်သေးကြောင်းလည်း NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောခဲ့သည်။


0 comments:

Post a Comment