Friday, August 15, 2014

ဖားကန့်ကျောက်စိမ်းမှော် ပြန်ဖွင့်ချိန် နှစ်ဖက်တပ် ထိတွေ့တိုက်ခိုက်မှုမရှိစေရန် KIO အား အစိုးရညှိနိုင်း

ဖားကန့်ကျောက်စိမ်းမှော် တနေရာတွင် မြင်ရတဲ့ အစိုးရ တပ်မ ၆၆ စစ်သားများ။

ဖားကန့်ကျောက်စိမ်းမှော် ပြန်လည်ဖွင့်လစ်သည့်အခါ၊ နှစ်ဖက်တပ်ဖွဲ့များအကြား ထိတွေ့တိုက်ခိုက်မှုများကို ရှောင်ရှားပေးရန်အတွက် မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော ပူးတွဲပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ၏ သြဂုတ်လ ၁၂ ရက်၊ အင်္ဂါနေ့က ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်ပြုလုပ်သောအစည်းအဝေးတွင် ထိုအကြောင်းအရာကို အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်က ဆွေးနွေးတင်ပြလာခြင်းဖြစ်သည်။

ကုမ္ပဏီလုံခြုံရေး ယူပေးသော အစိုးရတပ်မတော်သားများ မှော်ဒေသအတွင်း စစ်ကြောင်း လှုပ်ရှားမှုများနှင့် အသွားအလာလုပ်ကြသည့်အခါ KIA တပ်နှင့်ထိတွေ့လျှင် ပစ်ခတ်တိုက်ခိုက်မှုများမဖြစ်ရအောင် ရှောင်းရှားပေးကြရန် တင်ပြဆွေးနွေးခဲ့ကြောင်း၊ အစည်းအဝေးလာရောက်နားထောင်သော မြစ်ကြီးနားအခြေစိုက် PCG ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာပြောသည်။

၎င်းအစည်းအဝေးမရောက်ခင် ဖားကန့် KIA တပ်ရင်း ၆ နယ်မြေ ကပ်မှော်ဇွပ်ရွာ (Kap Maw Zup) အနီးဘော်မှော် (Sabaw Maw) ခေါ် ပတ္တမြားမှော်သို့ အစိုးရတပ် တပ်မ ၆၆ တပ်ဖွဲ့များ ထိုးစစ်ဆင်လှုပ်ရှားလာသောကြောင့် သြဂုတ်လ ၈ ရက်နှင့် ၁၀ ရက်နေ့များတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ လက်ရှိအခြေအနေတွင် ပစ်ခတ်မှုမရှိသော်လည်း နှစ်ဖက်တပ်များ အင်အားတိုးချဲ့နေပြီး အပြန်အလှန်စောင့်ကြည့်နေကြကြောင်း ဒေသခံပြည်သူများ ပြောသည်။

ပတ္တမြားမှော်မှာ တိုက်ပွဲဖြစ်နေသည့် တစ်ချိန်တည်းတွင် မိုးညှင်းမြို့နယ် အင်းတော်ကြီးအိုင် ဒေသ တစ်နေရာမှာလည်း အမည်မသိအစိုးရတပ်ရင်း စစ်ကြောင်းနှင့် KIA တပ်ရင်း ၂၆ ကြား အချိန်တိုတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

အစိုးရတပ်များ ထိုးစစ်ဆင်လာသောကြောင့် ဆဘော်မှော် (Sabaw Maw) တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး “အစိုးရတပ်ဖွဲ့တွေ တမြင်တကာရည်ရွယ်ပြီးလုပ်တာမဟုတ်ပဲ လုံခြုံရေးယူရန် စစ်ကြောင်းလှုပ်ရှားသွားလာတဲ့အချိန် KIA နဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားရတာဖြစ်တယ်” ဟု အစိုးရက ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးကော်မတီ အစည်းအဝေး၌ KIO ကို ပြောခဲ့ကြောင်း ဦးဂွမ်ဂျာကဆက်ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကစပြီး နေပြည်တော်အစိုးရက တပ်မ တစ်ခုကို ဖားကန့် ရတနာနယ်မြေနှင့် မြစ်ကြီးနား-ဖားကန့်လမ်းကြောင်းတလျှောက် နေရာချထားခဲ့သည်။ ဤကဲ့သို့ စစ်အင်အားအလုံးအရင်းလိုက်ချထားပြီး ၂ နှစ်အကျော် မှော်ပြန်ဖွင့်လာခြင်းလည်း ဖြစ်ပါသည်။

၂၀၁၁ ခုနှစ် ဇွန်လ၊ KIO နှင့် ငြိမ်းချမ်းရေးပျက်ပြားသွားပြီး တကြော့ပြန်စစ်ပွဲများဖြစ်လာပြီး နောက်ပိုင်း ၂ နှစ်ကျော် ပိတ်ထားသော ဖားကန့်ကျောက်စိမ်းမှော်ကို စက်တင်ဘာ လဆန်း ၁ ရက်နေ့မှ ပြန်လည် ဖွင့်လှစ်တော့မည့်အကြောင်း အစိုးရက ကြေညာခဲ့သည်။

လက်ရှိအခြေအနေမှာ ကုမ္ပဏီများ ကျောက်တူးဖော်ရေးလုပ်ငန်းအတွက် စက်ယန္ဒယားများပြင်ဆင်နေကြပြီး၊ အချို့ ကုမ္ပဏီများက စတင်တူးဖော်နေကြပြီဖြစ်ကြောင်း ဖားကန့်ဒေသခံများပြောသည်။

KIO နှင့် အပစ်အခတ်ရပ်စဲရေး မလုပ်သေးခင်၊ အစိုးရဘက်က ထိတွေ့တိုက်ခိုက်မှုများမဖြစ်အောင် ရှောင်ရှားပေးရန် ဆွေးနွေးတင်ပြခဲ့သော်လည်း မှော်ပြန်ဖွင့်မည့် အကြောင်းအရာနှင့်ပတ်သက်ပြီး KIO နှင့် ဆွေးနွေးမှုများ မရှိခဲ့ကြောင်း သိရသည်။


0 comments:

Post a Comment