Tuesday, August 12, 2014

အစိုးရနှင့် KIA ဖားကန့်လမ်း ဆဘော်မှော်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား

KIA တပ်ရင်း ၆ စစ်သား၊ ဖားကန့်

အစိုးရတပ်ဖွဲ့များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား KIA တပ်ရင်း ၆ နယ်မြေ ကချင်ပြည်နယ် ဖားကန့်-ကားမိုင်းလမ်းရှိ ဆဘော်မှော် (Sabaw Maw) တွင် သြဂုတ်လ ၈ နှင့် ၁၀ ရက်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အစိုးရတပ်များက အဖိုးတန်ရတနာများဖြစ်သော ကျောက်နီ သို့မဟုတ် ပတ္တမြား ထွက်ရှိနေသော အဆိုပါ ဆဘော်မှော်သို့ ထိုးစစ်ဆင်လာသောကြောင့် အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများ KNG ကချင်သတင်းဌာနသို့ ပြောသည်။

အဆိုပါ ဆဘော်မှော်သည် ကပ်မှော်ဇွပ်ရွာ၏အနောက်ဘက် ၆ မိုင်ခန့် အကွာတွင် တည်ရှိပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက ပတ္တမြားတူးဖော်နေသောနေရာတစ်ခုဖြစ်ကြောင်း ဒေသခံများမှ တစ်ဆင့်သိရသည်။

၎င်းတိုက်ပွဲကြောင့် နှစ်ဖက် တပ်ဖွဲ့ဝင်များအကြား ထိခိုက်ဆုံးရှုံးမှုများကို သိသိကျကျ မသိရသေးပါ။

သို့သော် မျက်မြင်သက်သေများမှ သြဂုတ်လ ၉ ရက် စနေနေ့ ဒဏ်ရာရထားသည့် စစ်သား ၂ ယောက် နှင့် တနင်္လာနေ့ ညနေပိုင်းမှာ ဒဏ်ရာရသောစစ်သား ၄ ယောက်တို့ကို ပြည်သူပိုင် လိုင်းကားများဖြင့် မြစ်ကြီးနားဘက်သို့ သယ်ဆောင်သွားသည်ဟု ပြောသည်။

ဆဘော်မှော်၊ လွယ်နေးတောင်တွင် တပ်စွဲထားသော KIA တပ်ရင်း ၆ လက်အောက် MHH ကချင်ပြည်သူ့စစ်တပ်ဖွဲ့များက လက်ရှိအခြေအနေအထိ နေရာရှောင်ပေးခြင်းများမရှိသော်လည်း တောင်အောက်တွင်တည်ရှိသော ဆဘော်မှော်ရွာရှိ ၄င်းတို့၏နေရာတချို့ကို အစိုးရတပ်များ မီးရှို့ဖျက်ဆီးပေးလိုက်ကြောင်း ဒေသခံများပြောသည်။

စစ်ဘေးကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိသော ဆဘော်မှော် ရွာသားများနှင့် ကျောက်တူးသမားများသည် အခုအချိန်မှာ နီးစပ်ရာ နမ်ယာ (Nam Ya)နှင့် ကပ်မှော်ဇွပ်ရွာ (Kap Maw Zup) နှစ်နေရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ၄င်းဒေသမှ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် KBC အမှုတော်ဆောင်များမှ သိရသည်။

ပြဿနာဖြစ်နေသည့် နေရာသို့ အစိုးရတပ်များ တနိုင်း၊ မိုးကောင်းနှင့် ဖားကန့် သုံးနေရာမှ ကားဖြင့် စစ်အင်အားများပြန်လည်ဖြည့်ပေးနေကြောင်း မျက်မြင်သက်သေများ KNG ကချင်သတင်းဌာနသို့ ပြောသည်။

တဖက်တွင်လည်း ဆဘော်မှော်သို့ တိုက်ခိုက်မှုများဖြစ်ပွားနေစဉ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာလည်း အစိုးရတပ်ဖွဲ့များနှင့် KIA တပ်ရင်း၂၆ အကြား တစ်ကြိမ်ထက်မနည်း အချိန်တိုတိုက်ပွဲများဖြစ်ပွားမှုရှိကြောင်း စုံစမ်းသိရှိရပါသည်။

ဤကဲ့သို့ သဘာဝ သယံဇာသပေါများသော KIA တပ်မဟာ ၂ နယ်မြေ အင်းတော်ကြီးဒေသ နှင့် ဖားကန့်ဒေသ နှစ်နေရာတွင် အစိုးရတပ်နှင့် တိုက်ခိုက်မှုများဖြစ်နေဆဲဖြစ်သည်ဟု လိုင်ဇာဗဟိုဌာနချုပ် KIO ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဆရာကြီးဆွတ်လွတ်ဂမ် (Sara Kaba Sumlut Gam) KNG ကချင်သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။

ထိုသို့ တပ်မဟာ ၂ နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားပြီး စစ်ရေးတင်းမာနေချိန်၊ အစိုးရနှင့် KIO တစ်လတစ်ကြိမ်တွေ့ဆုံကြသည့် နှစ်ဖွဲ့စလုံးမှကိုယ်စားလှယ်များပါဝင်သော ‘ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးကော်မတီ’ အစည်းအဝေးကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့တွင် ယနေကျင်းပနေသည်။


0 comments:

Post a Comment