Monday, August 11, 2014

အစိုးရတပ်နှင့် KIA တိုက်ပွဲ ပြင်းထန်လာသောကြောင့် ဒုက္ခသည်စခန်းများ ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရ

ဧပြီ ၁၀ ရက်မှစပြီး အစိုးရတပ်နဲ့ KIA ကြား ပြင်းထန်တဲ့တိုက်ပွဲဖြစ်လာခြင်းကြောင့် Lagat Yang ဒုက္ခစခန်းမှ လူများနဲ့ ဒေသခံများ မံဝင်းသို့ ထွက်ပြေးလာပုံ။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၃) တပ်ရင်း ၂၇ ဒေသတွင် ယခုချိန် အစိုးရတပ်များနှင့် KIA တပ်ဖွဲ့များ ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် အနီးရှိ လဂါတ်ယန် (Lagat Yang) ဒုက္ခသည်စခန်းက ဒုက္ခသည်များသည် ယမန်နေ့ ၁၀ ရက်နေ့မှ မံဝင်းသို့ ဆက်လက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

လဂါတ်ယန် ဒုက္ခသည်စခန်းမှဒုက္ခသည် ၈၀၀ ကျော်နှင့် ရှမ်းရွာ ၁၀ ရွာမှ ၁၀၀၀ ကျော် စုပေါင်း ၂၀၀၀ နီးပါး မံဝင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြရာ ၄င်းတို့လုံခြုံရေးနှင့် နေရာထိုင်ခင်းများခက်ခဲခြင်းကြောင့် ရှမ်းပြည်ဘက်ခြမ်း နမ့်ခမ်းဘက်သို့ဆက်လက် တိမ်းရှောင်နေကြကြောင်း မံဝင်း အသင်းတော်မှ ဆရာတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

အစိုးရစစ်ကြောင်းသည် နမ်ခမ်း (Nam Hkam)နှင့် နောင်းလုပ် (Nawng Luk) ၂ နေရာမှ တိုက်ပွဲဖြစ်ပွားနေရာသို့ လက်နက်ကြီး များဖြင့် အကြိမ် ၅၀ ကျော် ပစ်ကူပေးချိန် ၎င်းလက်နက်ကြီးများသည် လဂါတ်ယန်ဒုက္ခသည်စခန်းသို့ ၃ ကြိမ်ကျလာရာ ၂ ကြိမ်ပေါက်ကွဲခဲ့သည်။

သို့သော် ဒုက္ခသည်များ ထိခိုက်ခြင်းမရှိကြောင်း ထွက်ပြေးလာသူများကပြောသည်။

“လက်နက်ကြီးတွေ စခန်းအနီးမှာ ကျပေါက်ကွဲလာတော့ ဒုက္ခသည်တွေအားလုံး ထွက်ပြေးတိမ်းရှောင်လာကြတာ မံဝင်းအသင်းတော်ကနေ လာကြိုပေးတယ် ဒုက္ခသည်စခန်းမှာက ဘယ်သူမှ မရှိတော့ဘူး၊ ပစ္စည်းတွေဘာမှယူမသွားကြဘူး အခုချိန်ထိ မိတာ ၅၀၀ လောက်က ပစ်ခတ်နေတုန်းပဲ” ဟု ဒုက္ခသည် ကယ်ဆယ်ရေးဥက္ကဌဆလန်ကဘာဒွဲပီဆာ KNG ကချင်သတင်းဌာန သို့ပြောသည်။

လဂါတ်ယန်ဒုက္ခသည်စခန်းအနီးနှင့် ဘမ်ခမ်းပါ (Bang Hkam Pa) တို့တွင် အစိုးရတပ်မ ၈၈ စစ်ကြောင်းလှုပ်ရှားလာပြီး KIA တပ်ရင်း ၂၇ ကြား ယမန်နေ့ ညနေ ၄ နာရီမှ ညမိုးချုပ်သည်ထိ ပြင်းထန်စွာပစ်ခတ်တိုက်ခိုက်ရာ အစိုးရတပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးဇော်ဘာ ပြောသည်။

ယခုချိန်အစိုးရစစ်ကြောင်းသည် KIA တပ်ရင်း ၂၇ ဒေသနေရာအနှံလှုပ်ရှားနေခြင်းကြောင့် ဒုက္ခသည်များအတွက် စိုးရိမ်နေရကြောင်း ဒုက္ခသည်ကြည့်ရှုသူများကပြောသည်။

လဂါတ်ယန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များ ယမန်နေ့ နံနက် နမ်ခါးဘွမ် (Nam Hka Bum) တွင် တိုက်ပွဲဖြစ်ပွားလာသောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ချိန် ညနေပိုင်းတွင် KIA တပ်ရင်း ၂၇ ဒေသ ၃ နေရာ၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ညနေ ၅ နာရီချိန်မှ KIA တပ်ရင်း ၂၇ မိုင်းခေါင်ဒုက္ခသည်စခန်းအနီး ခပရာယန် (Hkapra Yang) တွင်လည်း အစိုးရစစ်ကြောင်း ၆၀၁ အင်အား ၁၀၀ ကျော်နှင့် KIA တပ်ရင်း (၂၇၊ ၁၂) တပ်ဖွဲ့ ကြား ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားရာ အစိုးရတပ် ခမရ ၆၀၁ တပ်ရင်းမှူး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း ၁၂ မှ ရှေ့တန်းမှ KIA အရာရှိ တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ပစ်ခတ်တိုက်ခတ်ပြီး နာရီဝက်ကျော်ချိန် ၎င်းအစိုးရတပ် ခမရ ၆၀၁ တပ်ရင်းမှူးဒဏ်ရာရပြီး မံဂျယ် (မံစီ) ဘက်သို့ နောက်ဆုတ်သွားကြောင်းသိရသည်။

ယနေ့နံနက် ၇ နာရီမှစပြီး ဘမ်ခမ်းပါ (Bang Hkam Pa)တွင်လည်း တိုက်ပွဲများပြန်လည် ပြင်းထန်လာပြီး အစိုးရတပ်သည် လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ကူပေးနေကြောင်း သိရသည်။

အစိုးရစစ်ကြောင်း ယခုထိုးစစ်ဆင်နေသော KIA တပ်ရင်း ၂၇ နယ်မြေတွင် နောင်းတောင် (Nongdao) တံတားဂိတ်အား ရရှိရန်စစ်အင်အားများဖြင့် ထိုးစစ်ဆင်နေ ခြင်းဖြစ်သည်ဟု KIA အရာရှိဖက်မှ သုံးသပ်ပြောဆိုသည်။

၎င်း KIA တပ်ရင်း ၂၇ နောင်းတောင်ဂိတ် သည် ယခင်က အစိုးရတပ်စခန်းဂိတ်ဖြစ်ပြီး၂၀၁၁ ခုနှစ် တိုက်ပွဲဖြစ်ပွားချိန် KIA သိမ်းပိုက်ထားသော တရုတ်နယ်စပ် KIA ဂိတ်ဖြစ်ကြောင်းသိရှိရသည်။


0 comments:

Post a Comment