Friday, May 16, 2014

ပူးတွဲစောင့်ကြည့်ရေး (Joint Monitoring) ပိုပြီးအောင်မြင်နိုင်ဖို့ လူထုပါဝင်မှုလို

မေ ၁၃၊ ၂၀၁၄ နေ့ မြစ်ကြီးနားမြို့ ဆွေးနွေးပွဲသို့ ရောက်လာစဉ် လူထုအား ဗိုလ်ချုပ်ဂွန်မော် နှုတ်ဆက်။

မြန်မာအစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကြား သဘောတူထားပေမဲ့ မဖွဲ့စည်းနိုင်သေးတဲ့ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ’ (Joint Monitoring Committee) အား ထပ်မံဖွဲ့စည်းရန် နှစ်ဘက်ကိုယ်စားလှယ်များ မေ ၁၃ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဆွေးနွေးပွဲ တွင် သဘောတူခဲ့တယ်။ ဒီအကြောင်း KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် အား မြစ်ကြီးနား KNG ကချင်သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မေးမြန်းထားပါတယ်။

မေး။    ။ အခုသဘောတူထားတဲ့ ‘ပူးတွဲစောင့်ကြည့်ရေး ကော်မတီ’ (Joint Monitoring Committee) ဟာ လက်တွေ့မှာ ဘယ်လောက်ထိ အကျိုးရှိမလဲ

ဖြေ။    ။ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးချုပ်ဆိုတဲ့ အခါ အရေးကြီးတဲ့ အပိုင်း (၂)ပိုင်းပါပါတယ်။ ကြားကာလအစီအစဉ်လို့ ကျနော်တို့ကပြောနေတယ်။ ကျနော်တို့ NCCT (Nationwide Ceasefire Coordination Team) က ပြောတဲ့ ကြားကာလအစီအစဉ်ဆိုတာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုပြီးတဲ့ အချိန်ကစပြီးတော့ နိုင်ငံရေးအဖြေတစ်ခုထွက်လာတဲ့အထိ နိုင်ငံရေးဆွေးနွေးပွဲညီလာခံကြီး ပင်လုံကဲ့သို့သော အစည်းအဝေးကြီးတစ်ခုလုပ်ပြီး အဖြေတစ်ခုထွက်လာမယ်။ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ပြီးတဲ့ အချိန်ကနေ အဖြေတစ်ခု ရရှိလာတဲ့အချိန်ထိကို ကြားကာလလို့ ဆိုလိုခြင်းဖြစ်ပါတယ်။

ဒီကြားကာလမှာ ကျနော်တို့က မထိန်းညှိတတ်ရင် ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လို့ အစိုးရက စိုးရိမ်ပူပန်တယ်။ ကျနော်တို့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ကြားကာလမှာ ကျနော်ရဲ့ အခွင့်အရေးများကို မတောင်းဆိုနိုင်ဘဲနဲ့ တဖြည်းဖြည်းနဲ့ ပပျောက်သွားမှာကို စိုးရိမ်တယ်။ ဒါကြောင့် ဒီဟာကို ဖြေရှင်းနိုင်ဖို့အတွက် Joint Monitoring လို့ခေါ်တဲ့ အပြန်အလှန်စောင့်ကြည့်နိုင်တဲ့ ပူးတွဲစောင့်ကြည့်ရေးစနစ်တစ်ခုကို ကျနော်တို့ ညှိနှိုင်းနေတာဖြစ်ပါတယ်။ ဒီလိုတည်ဆောက်တဲ့အခါ ပြည်နယ်အဆင့်တွေမှာ၊ မြို့နယ်အဆင့်တွေမှာ၊ တစ်နိုင်ငံလုံးအဆင့်တွေမှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

လက်တွေ့မှာ ဘယ်လောက်ထိရောက်သလဲဆိုတာက ကျနော်တို့ရဲ့ ဖွဲ့စည်းမှုအနေအထား၊ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုအရေးကြီးပါတယ်။ အောက်တိုဘာလ ၁၈ ရက်နေ့မှာ အစိုးရနဲ့ KIO ကြား သဘောတူထားတဲ့ အချက် (၁၈) ချက်ကို ပြည်သူလူထုထံ ဝေငှထားပြီးဖြစ်ပါတယ်။ Joint Monitoring လို့ပြောတဲ့ အခါမှာ KIO နဲ့ အစိုးရကပဲ လုပ်ဆောင်ရမှာ မဟုတ်ပါဘူး။ ပြည်သူလူထု၊ CSOs များကလည်း ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။
ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်က ပြောရင် ကျနော်တော်တို့ တရားတယ်လို့ ပြောမှာပဲ။ ကျနော်က အရင်စပစ်တာမဟုတ်ဘူး။ သူတို့က အရင်လာပြီး ချောင်းပစ်တာလို့ ကျနော်တို့ ပြောမှာပဲ။ အဲ့တော့ ဒီအရာက တကယ်မှန်လားမမှန်ဘူးလားဆိုတာကို လူထုကလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လက်တွေ့မှာ ဘယ်လောက်ထိရောက်မယ်လို့ပြောရင် လူထုရဲ့ ပါဝင်မှု၊ လူထုရဲ့ အတည်ပြုမှု၊ လူထုရဲ့စောင့်ကြည်မှုက အရေးကြီးပါတယ်။ ပူးတွဲစောင့်ကြည့်ရေး (Joint Monitoring) အောင်မြင်နိုင်ဖို့ အတွက် လူထုတစ်ရပ်လုံးပါဝင်ပါလို့ ပြောချင်ပါတယ်။


0 comments:

Post a Comment