Wednesday, May 14, 2014

ဒို့တိုင်းရင်းသားတွေ"သမ္မတကြီးပြောသလိုကလည်း ခွဲထွက်ရေးကို မတောင်းဆိုပါဘူး"

NCCT တာဝန်ခံ နိုင်ဟံသာ

မေ၁၃ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ပြုလုပ်ခဲ့တဲ့ မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ KIO ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခဲ့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တာဝန်ခံ ဦးနိုင်ဟံသာ ကို မြစ်ကြီးနား KNG ကချင်သတင်းဌာန သတင်းထောက် ဂျိန်းဖော့လာ မှ မေးမြန်းထားတယ်။

မေး။ ဒီအစည်းအဝေးမှာ NCCT ကို ဖိတ်တဲ့အပေါ် ဆရာ့ အမြင်လေးပြောပါအုံး။
ဖြေ။ ဒို့ NCCT ကို ဖိတ်တာက အခြေအနေတွေကို နားလည်ဖို့ပါ။ နောက် NCCT ဆိုတာကတော့ အစိုးရကိုယ်စားလှယ်နဲ့ တိုက်ရိုက်ညှိနှိုင်းနေတဲ့ အဖွဲ့ဖြစ်တယ်။ အခြေအနေတွေကို နားလည်ပြီးတော့ NCCT နဲ့ UPWC တို့ဆွေးနွေးတဲ့အခါကျရင် အထောက်အကူဖြစ်ဖို့ပါ။ ပြီးတော့ NCCT နဲ့ UPWC တို့ အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးနေတဲ့ ကြားမှာ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ KIA/ KIO ဖြစ်တဲ့ ပြဿနာကို ခေါ်ပြီးတော့ လက်တွေ့ နားလည်သွားအောင် အကဲခတ်တာပါ။

မေး။ တိုင်းရင်းသားတွေ အဓိကတောင်းဆိုနေတာက ဖက်ဒရယ်ပါ။ သို့သော် အစိုးရရဲ့ မူကြမ်းမှာ ‘ဖက်ဒရယ်’ ဆိုတဲ့ အခေါ်အဝေါ်ကို မသုံးထားတာတွေ့ရတယ်။ ဆက်လက်ဆွေးနွေးဖို့လိုပါသေးလား။
ဖြေ။ ဒို့နိုင်ငံရဲ့အနေအထားကတော့ ‘ဖက်ဒရယ်’ ဆိုတဲ့ မူကို လက်မခံရင် တိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်ရေးကို ဘယ်လိုမှ မတည်ဆောက်နိုင်ဘူး။ အခုဖြစ်ပေါ်နေတဲ့ ပြဿနာကိုလည်း ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အဲ့ဒီထဲမှာလည်း သမ္မတကိုယ်တိုင် ပါဝင်ပြီးတော့ လွှတ်တော်ထဲမှာလည်း ဖက်ဒရယ်ကို ပြောလာနေပြီ။ အဲ့လိုအနေအထားမှာ တပ်မတော်ဘက်က လက်မခံဘူးဆိုတော့ နည်းနည်းအောက်အီးသွားနိုင်တဲ့ အနေအထားမျိုးပါ။ တဖက်ကပြောမယ်ဆိုတော့ တပ်မတော်ဘက်က အခုထိပဲ ဆန့်ကျင်နေတာလား။ အစိုးရထဲမှာ တပ်မတော်ပိုင်းက ဆန့်ကျင်နေရင် သူတို့က အများကြီးရှင်းဖို့တော့လိုတယ်။ ဒို့တိုင်းရင်းသားဘက်က လက်ခံထားတာကတော့ ဒီအခွင့်အရေးမရဘူး ဆိုရင်တော့ လုံးဝလက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီအခွင့်အရေးမျိုးမရဘူးဆို ရေရှည်မှာ ဒို့တိုင်းရင်းသားတွေကို ၀ါးမျိုသွားနိုင်တယ်။ သမ္မတကြီးပြောသလို ဒို့တိုင်းရင်းသားတွေကလည်း ခွဲထွက်ရေးကို မတောင်းဆိုပါဘူး။ ရသင့်ရထိုက်တဲ့ အနည်းဆုံးအခွင့်အရေး၊ ဒို့လူမျိုးတွေမပျောက်ကွယ်သွားအောင် တောင်းဆိုနေတာပါ။

မေး။ အပစ်အခတ်ရပ်စဲရေးအတွက် NCCT အနေဖြင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ကြားပြီးတော့ နောက်အကန့််အသတ်မရှိ မဟုတ်ဘူးလို့ ဆရာတို့ဘက်ကထုတ်ပြန်တာတွေရှိတယ်။ ဒီအပေါ်ရှင်းပြပေးပါအုံး။
ဖြေ။ အကန့်အသတ်မရှိလို့ ရွှေ့ဆိုင်းလိုက်တာမဟုတ်ပါဘူး။ မီဒီယာက လွဲမှားတဲ့ ဝေါ်ဟာရကို သုံးလိုက်လို့ပါ။ အမှန်တကယ်တော့ ကျွန်တော်တို့ဖြေတာက အချိန်ကတော့ ရွှေ့ဆိုင်းလိုက်တယ်။ ဘယ်တော့ပြန်တွေ့မလဲ ဆိုတာကို မသိသေးဘူးလို့ ဖြေလိုက်တာကို သူတို့ဘက်က အဓိပ္ပါယ်နည်းနည်းလွဲမှားဖော်ပြလိုက်တာပါ။

မေး။ ဗိုလ်ချုပ်ဂွန်မော် အမေရိကားသွားတဲ့ အပေါ်တိုင်းရင်းသားတွေအတွက် အကျိုးသက်ရောက်ဖို့ရှိလည်း။ ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ကောင်းတဲ့ ဘက်ကိုဖြစ်စေတဲ့ သဘောကို သက်ရောက်ပါတယ်။ သူတို့အနေဖြင့် ကြားကနေ ဖိအားပေးတယ်၊ ညှိနှိုင်းပေးလိုက်တဲ့ သဘောပါ။ ကနေ့အနေထားက လေ့လာသူတွေ၊ အသိသက်သေတွေ၊ စောင့်ကြည့်သူတွေ၊ အကဲခတ်သူတွေ လုံးဝမပါဘဲနဲ့ တို့နှစ်ဖက်တည်းဆိုရင် စိတ်မချရဘူး။ ထို့ကြောင့် နိုင်ငံတကာက ပါဝင်ပြီးတော့ အကဲခတ်တာကလည်း အင်မတန်မှ ကောင်းပါတယ်။ အခု အမေရိကန်ခေါ်တာကလည်း ဒီသဘောပါပဲ။

မေး။ အမေရိကန်အနေဖြင့် လက်ရှိမြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ဘယ်လိုအခွင့်အလမ်းတွေရှိလဲ။ ပါဝင်ဖို့ ဖြစ်နိုင်ခြေရှိလား။
ဖြေ။ ကနေ့ ကျွန်တော်တို့ ဖိတ်နေတဲ့ အနေအထားအရကတော့ UN ကိုဖိတ်တယ်။ တရုတ်ကိုလည်းဖိတ်တယ်။ ဒီလိုပဲ သူတို့ကိုပါ ဖိတ်ရင်တော့ ပါဝင်လာမှာပါ။ သူတို့ဖက်က ပါဝင်ချင်တဲ့ စိတ်တွေလည်းရှိတယ်။ တို့ကလဲ ပွဲကြီးတွေမှာတော့ ဖိတ်ဖို့ ရည်ရွယ်ထားပါတယ်။ အမေရိကန်ကိုရော၊ UK ကိုရော၊ Japan ကိုရော ဖိတ်ဖို့ ရှိပါတယ်။

မေး။ ဒီအပေါ်မှာ အစိုးရအနေဖြင့် လက်ခံနိုင်မယ်လို့ထင်လား။
ဖြေ။ ပြီးခဲ့တဲ့ ပွဲတွေမှာ အပြင်ပိုင်းညှိနှိုင်းမှုရပါတယ်။ အစိုးရဘက်ကလည်း လက်ခံတယ်။

မေး။ အခုအစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ အာဏာအပြည့်အ၀ရရှိထားတဲ့ ဗိုလ်ချုပ်မြင့်စိုး မတက်ရောက်တဲ့ အပေါ် ဒီအစည်းအဝေးဘယ်လောက်အောင်မြင်မှုရှိနိုင်မလဲ။
ဖြေ။ ဒါကတော့ မပြောတတ်သေးဘူး။ ဗိုလ်ချုပ်မြင့်စိုးမလာတာကတော့ အခု ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တပြည်လုံးအရေးမဟုတ်လို့မလာတာလားတော့ မပြောတတ်ဘူး။ အခြေအနေမှန်ကိုတော့ တို့လည်း မသိသေးဘူး။


0 comments:

Post a Comment