Wednesday, August 28, 2013

မြစ်ကြီးနား၊ ၀ိုင်းမော် မီးပြတ်တောက်နေ

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား။


ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၀ိုင်းမော်မြို့တွင်ဖြန့်ဖြူးပေးနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မလိချောင်း ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ရေအောက်ပိုင်း ပိုက်လိုင်းနှင့် စက်ပစ္စည်းချို့ယွင်းမှုဖြစ်ပေါ် နေသောကြောင့် သြဂုတ်လ ဒုတိယအပတ်မှစ၍ ယခုချိန်ထိ မီးပြတ်တောက်နေပြီး ဒေသခံများ အခက်ခဲရင်ဆိုင်နေရကြောင်းသိရသည်။


ဝိုင်းမော်မြို့နယ် ဂန်ဒေါင်ယန် (Gangdau Yang) ကျေးရွာရှိ မလိချောင်း ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ ကချင်ပြည်နယ်အတွင်း အဓိကဖြန့်ဖြူးပေးနေခြင်းဖြစ်သောကြောင့် ယခုမီးပြတ်တောက်မှုရင်ဆိုင်နေရချိန် ဒေသခံများ စားဝတ်နေရေး လုပ်ငန်းကိုင်ငန်းနှင့် ပညာရေးတွင် နှောင့်နှေးကာ အခက်ကြုံစေသည်ဟု မြစ်ကြီးနား ဆယ်မိုင်မှ ဒေသခံ အမျိုးသမီးတစ်ဦးပြောသည်။

“မြစ်ကြီးနားတခုလုံးမှာလည်း အခုထိမရသေးဘူးလေ။ ၃ လလောက်တော့ မီးပျက်အုံးမယ်ပြောတယ်။ အကုန်အမှောင်အတိပဲ။ ဘာမဆိုခက်သွားတယ်။ ဖုန်းဘက်ထရီလည်းခက်သွားတယ်။ ကလေးတွေကလည်း စာဖတ်လို့လည်းမရတော့ဘူး။ ခါတိုင်း လမ်းမီးတွေနဲ့ ပျော်စရာကောင်းတယ်။ ခုတော့  အမှောင်ထဲမှာဆိုတော့ လမ်းကလည်း မကောင်းဘူး။ များသောအားဖြင့်အခုတော့ ဖယောင်းတိုင်ပဲ ကိုင်နေကြတာလေ။ ၀ယ်နိုင်တဲ့သူတွေကတော့ ဆိုလာပြား သုံးနေကြတယ်။ မီးမလာရင်အရမ်းခက်တယ်။”

ထိုသို့ စက်ပစ္စည်းပျက်စီးမှုသည် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလျှံလာရာက အထက်ပိုင်းမှအမှိုက်သရိုက်များ ၀င်ရောက်နေခြင်းကြောင့် ရေအောက်ပိုင်း ပိုက်အတွင်းသို့ ပိတ်ဆို့ကာ စက်ပြန်မလည်နိုင်ခြင်း ဖြစ်သည်ဟု KIO ဘူးဂါးကုမ္ပဏီ (Buga Company) မှသိရသည်။

အချိန်မှီ မီးပြန်လည်ရရှိနိုင်ရန်အတွက် ပြီးခဲ့သည့်အပတ်က ရေငုတ်၍ အမှိုက်များရှင်းလင်းဖယ်ရှားရန် ကြိုးပမ်းခဲ့ရာ အဖွဲ့မှအမျိုးသားတဦး အောက်ဆီဂျင်အခက်ခဲကြောင့် အသက်ရှုကြပ်၍ သေဆုံးသွားခဲ့သည်ဟု ဘူးဂါးကုမ္ပဏီ (Buga Company) နှင့်နီးစပ်သူများမှသိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းနေဆဲဖြစ်ပြီး ဆက်လက်ပြုပြင်နိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်ဟု KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဆရာကြီးဆွမ်လွတ်ဂမ် (Sara Kaba Sumlut Gam) ပြောသည်။

“သေဆုံးတာတော့ကြားတယ် တွေ့တော့မတွေ့ခဲ့ဘူး။ ရေထဲမှာ အသက်ရှူကြပ်သွား လို့ဖြစ်တယ်လို့ကြားတယ်။ ဘူးဂါးမီးစက်က လူတွေနဲ့ကျွန်တော်တို့တွေ့တယ်။ သူတို့လုပ်နေဆဲဖြစ်တယ်တဲ့။ ဟိုး စက်အောက်ပိုင်း ပိုက်လုံးမှာ ပိတ်ဆို့တာတို့၊ ပျက်တာတို့ဖြစ်နေတယ်တဲ့။ လူကိုယ်တိုင်ဝင်ပြီးဆက်လုပ်တဲ့ အခြေအနေဖြစ်တယ်လို့ပြောတယ်။”

ယခုချိန် ဘူးဂါးလျှပ်စစ်မီးကုမ္ပဏီမှ ကချင်ပြည်နယ်အစိုးရထံမှ အကူအညီရယူကာ လိုအပ်သော လျှပ်စစ် စက်ပိုင်းဆိုင်ရာ ပစ္စည်းများကို ဖြည့်၍ ပြင်ဆင်နေကြောင်းသိရသည်။

KIO ဘူးဂါးကုမ္ပဏီမှ ၂၀၀၆ ခုနှစ်ကစ၍ တဘတ်ချောင်း ရေအားလျှပ်စစ်ရုံမှ လျှပ်စစ်ဓါတ်အား ၉.၈ မဂ္ဂါဝပ်ကို မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။

အဆိုပါ ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံမှ နေရာဒေသအလိုက် ၂၄ နာရီ၊ ၁၄ နာရီ စသည်ဖြင့် အသီးသီး ဓါတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်းသိရသည်။

www.kachinnews.com

www.burmese.kachinnews.com

www.kahcin.kachinnews.com

www.kachin-news.blogspot.com

http://www.facebook.com/Kachin-News-Group


0 comments:

Post a Comment